Sunday, June 17, 2007

မုံတ၀ဂူသို့ တစ်ခေါက်

ရဲမြန်မာရဲ့ "မုံတ၀ဂူသို့ တစ်ခေါက်" ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ တစ်ခေါက်သာ သွားဖူးခဲ့တဲ့ မုံတ၀ဂူကို သွားသတိရမိတယ်။ တစ်ခေါက်သာ သွားဖူးလို့ ခရီးစဉ်တွေကို ခပ်ရေးရေးပဲ မြင်ယောင်တော့တယ်။ ခရီးစဉ်တွေကို ရဲမြန်မာက စိတ်ဝင်တစား ရေးထားပါတယ်။ မုံတ၀ဂူက တောင်ကြီးမြို့ရဲ့ အနောက်ဖက် တောင်စောင်းမှာရှိပြီး တောင်ပေါ်ကနေ အေးသာယာမြို့သစ်ကို အထင်းသား လှမ်းမြင် နေရတယ်။ ပင်းတယဂူနဲ့ ခပ်ဆင်ဆင်တူပြီး ပင်းတယဂူထက် ငယ်ပါတယ်။

သီတင်းသုံးတဲ့ ဘုန်းကြီးတွေလောက်ပဲ ရှိပြီး ပင်းတယဂူလို လူသိရှင်ကြား မကျော်ကြားသေးပါဘူး။ ပင်းတယဂူကို အခေါက်ခေါက် ရောက်ဖူးပေမယ့် မုံတ၀ဂူကိုတော့ တစ်ခါပဲ ရောက်ခဲ့ဖူးတယ်။ မှတ်မှတ်ရရ တရုတ်ကျောင်းက သူငယ်ချင်းတွေနဲ့ အတန်းလစ်ပြီး မုံတ၀ဂူကို တစ်ခေါက် ရောက်ခဲ့တယ်။ ဂူတွေက သိတဲ့အတိုင်း ကျောက်ရေစက်တွေနဲ့ အေးစိမ့်စိမ့်လေးပေါ့။ ကျောက်မောင်းတွေ ကျောက်ပန်းဆွဲတွေနဲ့ သဘာဝအတိုင်း လှပနေတယ်။ ဂူပြင်မှာ ခဏနားပြီး ဂူထဲကို ကျွန်မတို့ စ၀င်ကြပါတယ်။ ကျလာတဲ့ အေးစိမ့်စိမ့် ရေစက်တွေကို လက်နဲ့ ထိကစားလိုက် ခြေနဲ့ နင်းလိုက်နဲ့ တဖြေးဖြေး ဂူထဲကို ကျွန်မတို့ ၀င်ခဲ့ကြတယ်။ ရောက်ဖူးနေကျ ပင်းတယဂူကိုတော့ ဂူတစ်ဝက်မှာတင် ကျွန်မ တို့ လှည့်ပြန်နေကျပါ။ မုံတ၀ဂူမှာတော့ ဘာဖြစ်တယ်မသိ သူငယ်ချင်းတွေက ဂူအဆုံးထိ ၀င်ကြည့်မယ် မုံတ၀ဂူက ပင်းတယဂူနဲ့ ဆက်ထားတယ်ဆိုလို့ ကျွန်မတို့လည်း ဂူအဆုံးထိ ၀င်ဖို့ သဘောတူလိုက် ကြတယ်။

တဖြေးဖြေး အထဲကို ရောက်လေလေ ဂူက ကျင်းလာလေလေ၊ မှောင်လာလေလေပါပဲ။ သူငယ်ချင်း တစ်သိုက် တစ်ယောက်လက်ကို တစ်ယောက်ဆွဲလို့ ဂူအဆုံးအထိ ရောက်ဖို့ အားခဲပြီး လျောက်ခဲ့ကြတယ်။ ဂူက တူးလက်စမို့လား၊ သဘာဝပဲလားတော့ မသိ တစ်ချို့နေရာမှာ ကျောက်တုံးကြီးတွေ ပြိုကျနေတာ တွေ့ပေမယ့် ကျွန်မတို့ မကြောက်ဘဲ ရှေ့ဆက် တိုးခဲ့ကြတယ်။

မှောင်သထက် မှောင်လာတော့ ပါလာတဲ့ ဖရောင်းတိုင်ကို ထွန်းပြီး ရှေ့ဆက်ခဲ့ကြတယ်။ ဂူက နက်လာလေလေ အသက်ရှူကျပ်လေလေ ဖြစ်လာတယ်။ နောက်ဆုံး အောက်စီဂျင် မရဖြစ်ပြီး ထွန်းထားတဲ့ ဖရောင်းတိုင်မီးတောင် ငြိမ်းသွားတဲ့ အထိပါပဲ။ ဖရောင်းတိုင်မီးငြိမ်းမှ ကျွန်မတို့လည်း ကြောက်အားလန့်အားနဲ့ ဂူဝဖက်ကို အမြန်ပြန်လှည့်ပြေး ကြရတယ်။ စပ်စပ်စုစု နိုင်လွန်းတဲ့ ကျွန်မတို့အတွက် တစ်ခေါက်ဆို တစ်ခေါက် မှတ်မှတ်ရရပါပဲ။ ခုချိန်များ ပြန်စဉ်းစားမိရင် ဂူထဲမှာ တစ်ခုခုများ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ကြက်သီးထမိပါတယ်။

အပြန်လမ်းမှာတော့ သူငယ်ချင်းတစ်စု တပျော်တပါး ဇော်ဝင်းထွဋ်ရဲ့ သီချင်းကို အော်ဆိုပြီး ပြန်ခဲ့ကြတယ်။
"...... မျှော်လင့်ချက် သေနတ်ကို ဆွဲကိုင်ရင်း....လျောက်စမ်း... ကန္တာရရဲ့ ခရီးသည်...ငါသေတော့ ဘယ်သူငိုမှာလဲ" ရေးတေးတေး အမှတ်တရတွေကို ပြန်မှတ်မိအောင် ဖော်ပေးတဲ့အတွက် ဒီဘလော့ဂ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Note: မနိုင်းနိုင်းစနေ ပို့လာသော ``မုံတ၀ဂူသို့ တစ်ခေါက်´´ Mail မှ အကြောင်းအရာများကို မူရင်းအတိုင်း ဖော်ပြထားပါတယ်။
(ကိုရဲမြန်မာ အနေနဲ့လဲ မုံတ၀ဂူသို့ တစ်ခေါက် (၃), (၄), .. ဆက်ရေးမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပြောလိုတဲ့ အကြောင်းအရာက မဆုံးသေးဘူးလို့ ထင်ပါတယ်။)

No comments: