Wednesday, July 18, 2007

ကျွန်မ ဂုဏ်ယူမိသော ကျွန်မတို့၏မြို့

ကျွန်မ တောင်ကြီးသူ ဖြစ်ရခြင်းကို ဂုဏ်ယူသည်။ ``ဘယ်မြို့ကလဲ´´ လို့မေးရင် ``တောင်ကြီးက´´ လို့ ဖြေရသည်မှာ ကျွန်မ အတွက် ကျေနပ်စရာ....

ဘယ်အရာ၊ ဘယ်အချက်တွေများ ကျွန်မ ဂုဏ်ယူမိစေတာလဲလို့ မေးစရာမလိုအော်ပင် ရှင်းလင်းသည်။ ကျွန်မတို့ဧ၊်မြို့သည် ဆိတ်ငြိမ်အေးချမ်းသည်။ သာယာလှပသည်။ လတ်ဆတ်သော ဟင်းသီး ဟင်းရွက် ပေါများသည်။ သဒ္ဓါတရား ထက်သန်သော တောင်ကြီးသူ၊ သား တို့၏စိတ်ဓါတ်...

ထို့ပြင် များစွာ...များစွာ ရှိသေးသည်။ ကျွန်မပို၍ ဂုဏ်ယူမိ စေသော သတင်းတစ်ခုကို online မြန်မာတိုင်း( မ် ) အတွဲ ၁၆၊ အမှတ် ၃၂၀ (၁၃- ၁၉၊ ၇၊ ၂၀၀၇) တွင် ဖတ်လိုက်ရသည်။

ထို မြန်မာတိုင်း( မ် ) တွင် ရေးထားသည်မှာ........

စိန်ပန်းနီနီ၊ ချယ်ရီနှင့် စိန်ပန်းပြာပြာ
နေမင်းသန့်

အမှိုက်သရိုက် ကင်းစင်ပြီး သန့်ရှင်းသပ်ရပ် လှပနေသည့် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမြင်ကွင်း။

ရန်ကုန်ရှိ ကျွန်တော် အလုပ်လုပ်သည့် ရုံးရှေ့မှ စိန်ပန်းပင်ကြီး တစ်ပင်လုံးရဲရဲ တောက်ပွင့်နေသည်။ စိန်ပန်းပွင့် တချို့ မြေမှာ ကြွေကျသည်။ အနီရောင် ကမ္ဗလာ ကော်ဇောပေါ် ဖြတ်လျှောက်ရ သလိုပင် ခံစားရသည်။

ခဏကြာသော် မိုးရွာလာသည်။ မိုးများလွန်းလျှင် ရန်ကုန်မြို့တွင်း ရေမြောင်းများမှ ရေ လျှံတတ်သည်။ လျှံတက်သော ရေ နှင့်အတူ ပလတ်စတစ် အမှိုက်သရိုက်များ ပါလာပြီး ရေကျသောအခါ လမ်းမများ၊ ပလက်ဖောင်းများ ပေါ်တွင် တင်ကျန် နေတတ်သည်။ နီရဲသော စိန်ပန်း ပွင့်များနှင့် ပလတ်စတစ်အိတ်၊ ကြွပ် ကြွပ်အိတ် စသည်များ ရောထွေးကာ အနီရောင် ကမ္ဗလာ ကော်ဇောဟု ထင်မှတ်သော ကျွန်တော့ခံစား ချက်များ အမှိုက်တောထဲ ရောက်သွားသည်။ မိုးအနည်းငယ် စဲသောအခါ ရန်ကုန် မြို့တော်မှ သန့်ရှင်းရေး ပုဂ္ဂိုလ်များက တင်ကျန်နေခဲ့သော အမှိုက်များကို သိမ်းဆည်းကာ လက်တွန်းလှည်းပေါ် ကျုံးတင် ကြသည်။

အနီရဲရဲ စိန်ပန်းပွင့်များလည်း အမှိုက်နှင့်အတူ ပါသွားကြသည်။ သန့်ရှင်းရေး အဖွဲ့သားများသည် မိုးရေစက်များ ကြားမှာပင် ချွေးတွေ တရွှဲရွှဲ။ မည်မျှပင် နေ့စဉ်ရက်ဆက် သန့်ရှင်းရေး လုပ်ကာ အမှိုက်သိမ်းသော်လည်း နေရာအနှံ့ မြို့တွင်း၊ မြို့ပြင် တစ်လျှောက် အမှိုက်များ၊ ကြွပ်ကြွပ် အိတ်များကို ကျွန်တော် စီးနင်းဖြတ်သန်းသော ယာဉ်လိုင်းပေါ်မှ မြင်ရသည်။ ဧပြီလ ပိတ်ရက်အတွင်း စိန်ပန်းပြာများ ကြီးစိုးရာ ရှမ်းတောင်တန်းမှ တောင်ကြီး၊ အောင်ပန်း၊ အင်းလေး၊ ကလောသို့ တစ်ခေါက်အလည် ရောက်ခဲ့ပါသည်။

စိန်ပန်းပြာပင်များတွင် ခရမ်းဖျော့လွင်လွင် အပွင့်များ လှိုင်လှိုင် ပွင့်နေသည်ကို လမ်းတစ်လျှောက် တွေ့ရသည်။ ပြင်ဦးလွင်တွင် ချယ်ရီတွေ့ခဲ့ ဖူးသော ကျွန်တော်က တောင်ကြီးမှာ ချယ်ရီကို ရှာကြည့်မိသည်။ မတွေ့။ ကျွန်တော့ စိတ်အစဉ်၌ ရှမ်းပြည်နယ်တွင် စိန်ပန်းပြာ နှင့်အတူ ချယ်ရီပန်းများ ပွင့်လန်းနေမည်ဟု ထင်မှတ် ထားခဲ့သည်။ သို့သော် တောင်ကြီးတွင် ချယ်ရီ မရှိပါ။

တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမ တစ်လျှောက် အခေါက်ခေါက် လမ်းလျှောက်ရင်း စတိုးဆိုင်များစွာ၊ ဖက်ရှင်ဆိုင် များစွာကို ဖြတ်သန်း ကြည့်ရှုသည်။ လမ်းမအတွင်းဘက် ဈေးလမ်းကြားကို ဖြတ်သန်း လမ်းလျှောက်သည်။ တောင်ပေါ် လမ်းဘက်ရှိ အိမ်ကြီးများ၏ ထူးခြားသော ဗိသုကာ စတိုင်များကို လျှောက်ကြည့်သည်။ စူဠာမုနိ လောကချမ်းသာ စေတီတော်သို့ လမ်းလျှောက် သွားကာ ဖူးမြော်သည်။

တစ်လမ်းလုံးရှိ စိန်ပန်းပြာပင်တို့ အောက်တွင် ခရမ်းဖျော့ရောင် ပန်းပွင့်တို့ ကြွေလျက် ရှိကြသည်။ ခရမ်းရောင် ကော်ဇောပေါ် ရောက်နေသလို ကျွန်တော် ခံစားရပြန်သည်။ စိန်ပန်းနီကို သဘောကျသည်။ စိန်ပန်းပြာကိုလည်း ကျွန်တော် နှစ်သက်သည်။

ဘုရားမှ အပြန်တွင်လည်း ခရမ်းရောင် လွှမ်းသော ကတ္တရာလမ်းပေါ်မှပင် ပြန်လျှောက်လာခဲ့သည်။ ထူးခြားမှုများကို သတိပြုမိသည်မှာ ဗိုလ်ချုပ်လမ်းပေါ်မှ အရောင်စုံစွာ များပြားလှသော ကြော်ငြာ ဆိုင်းဘုတ် ကြီးများ အပါအ၀င် ကျွန်တော် လျှောက်ခဲ့သော လမ်းများ တစ်လျှောက် လမ်းပေါ်လမ်းဘေး၌ အမှိုက် မရှိသည့် အချက်ပင် ဖြစ်သည်။ (Admin: ယခု ကြော်ငြာ ဆိုင်းဘုတ်ကြီးများ သိပ်မရှိတော့ပါ။)

ထို့ကြောင့်ပင် မြေပြင်ပေါ်မှ ခရမ်းပြာ ကော်ဇောပေါ် ဖြတ်လျှောက်ခဲ့ရစဉ် စိန်ပန်းပြာတို့၏ အလှကို အမှိုက်များ၏ အကျည်းတန်မှု မပါဘဲ ခံစားနိုင်ခဲ့ သည့်အတွက် သဘောကျ နေမိသည်။

တောင်ကြီးမြို့ စည်ပင်သာယာမှာ သန့်ရှင်းရေး ကောင်းလွန်းသည်ဟု ထင်မိသည်။ ကြွပ်ကြွပ်အိတ် အမှိုက်၊ အခြား အမှိုက်သရိုက်တို့ကို မမြင်ရသဖြင့် မြို့၏ အလှသည် ပို၍ ကြွနေသယောင် မြင်ရသည်။

အလားတူပင် ကလောမြို့တွင်လည်း လမ်းဘေးဝဲယာ အမှိုက်မရှိ။ စိန်ပန်းပြာတို့ မြေမှာပြန့်ကျဲနေသော အလှကို သီးသီးသန့်သန့် ကြည့်ကာ ကြည်နူးနိုင်သည်။ ကျွန်တော် ပျော်ခဲ့မိသည်။ တောင်ပေါ်မြို့များ ဖြစ်သဖြင့် နွေဘက်တွင်ပင် အအေးဓာတ်က ရှိနေသဖြင့် နေလို့ထိုင်လို့ ကောင်းလှသည်။

ရန်ကုန် ပြန်ရောက်ပြီး တစ်ပတ်ခန့်အကြာ တောင်ကြီးတွင်နေသော သူငယ်ချင်း ၏ ဖခင်နှင့် မြို့ထဲ၌ဆုံခဲ့သည်။ အသက် ၇၀ ကျော် ရှမ်းတိုင်းရင်းသား စစ်စစ် အန်ကယ်အား ကော်ဖီတိုက် ဂါရ၀ပြုရင်း ရုံးပိတ်ရက်က တောင်ကြီး၊ အင်းလေး၊ ကလောသို့ သွားခဲ့သည့် အကြောင်း ပြောပြသည်။ တောင်ကြီးနှင့် ကလောတို့တွင် အမှိုက် မရှိသဖြင့် လွန်စွာသန့်ရှင်း လှပကြောင်း ချီးမွမ်းစကား ပြောမိခဲ့သည်။

ပအို့ဝ်နှင့် ရှမ်းတိုင်းရင်းသားများသည် နေ့စဉ် နံနက် မိုးလင်းသည်နှင့် အိမ်ရှေ့၊ ဆိုင်ရှေ့ အမှိုက်လှည်းကျင်းကာ သန့်ရှင်း ရေးလုပ်ပြီးမှ အလုပ်သွား၊ ဆိုင်အရောင်း အ၀ယ်လုပ်လေ့ ရှိကြကြောင်း၊ ဘိုးစဉ် ဘောင်ဆက် လက်ဆင့်ကမ်းထားသော အမွေကောင်း၊ အကျင့်စရိုက်ကောင်း တစ်ခုဖြစ်ကြောင်း အန်ကယ်က ရှင်းပြသည်။

ကျွန်တော် အံ့သြလေးစားသွား ပါသည်။ လူတိုင်းက ကိုယ့်အိမ်ရှေ့ မျက်စိတစ်ဆုံး အမှိုက်မှန်သမျှ သန့်ရှင်းရေး လုပ်လေ့ရှိသဖြင့် မည်သူကမျှ တစ်ပါး သူ၏ အိမ်ရှေ့၊ ဆိုင်ရှေ့တွင်အမှိုက် မပစ်ကြကြောင်း၊ အမှိုက်ကို စည်းကမ်းမဲ့ပစ်ရမှာကို ရှက်တတ်ကြကြောင်း အန်ကယ်က ဆက်၍ရှင်းပြသည်။

အမှိုက်ဟူသမျှကို စည်ပင်သာယာ ၀န်ထမ်းက သိမ်းလိမ့်မည်ဟူသော အသိစွဲနေသမျှ အမှိုက်ကို စည်းကမ်း မဲ့စွန့်ပစ် နေကြဦးမည် ဖြစ်သည်။ အမှိုက်ဟူသမျှကို ကိုယ့်အိမ်ရှေ့၊ ကိုယ့်ဆိုင်ရှေ့၌ တွေ့လျှင် ကိုယ်ကိုယ်တိုင် ကောက်ရန်၊ သိမ်းဆည်းရန် စိတ်ဓာတ်ကောင်းများ ထွန်းကားလာပြီး လက်တွေ့ ကျင့်သုံးကြပါလျှင် စည်ပင်သာယာ ၀န်ထမ်းတို့သည် အများနှင့် ဆိုင်သော နေရာများမှ မလွှဲမရှောင်သာသော အမှိုက်များ၊ သစ်ရွက်ကြွေများကိုသာ သိမ်းဆည်း ရမည်ဖြစ်ပြီး ပြည်သူ့လုပ်အားနှင့် သန့်ရှင်းမှုကို ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်သည်။

အမှိုက်မပစ်လျှင် အမှိုက်မရှုပ်တော့ သဖြင့် မြို့ရွာများ ပိုမိုသပ်ရပ်လှပလာ မည်ကို လူတိုင်းသိကြ ပါလိမ့်မည်။ သို့ရာတွင် တောင်ပေါ်မှာ စိန်ပန်းပြာတွေ ပြန့် ကျဲနေတာ လှသလောက် ကျွန်တော်တို့ မြို့က စိန်ပန်းနီနှင့် အမှိုက်များ ရောထွေးနေတာ အရုပ်ဆိုး လှသည်ကို နှိုင်းယှဉ်ခံစားရင်း စိတ်မသက်မသာ ရှိနေမိပါသည်။

Note: Saung Hninn Cho Cho ပို့ လာသော Mail မှ အကြောင်းအရာများ ဖြစ်ပါသည်။

5 comments:

နိုင်းနိုင်းစနေ said...

ဧပြီလ ဆိုတော့ နွေခေါင်ခေါင်မှာ ဘယ်က ချယ်ရီလာပွင့်မလဲကွယ်။ တောင်ကြီး ချယ်ရီတွေက ဒီဇင်ဘာအကုန် ဇန်န၀ါရီ အရမ်းအေးတဲ့ အချိန်မှာမှ ပွင့်တာ... ဧပြီနွေဆိုတော့ တောင်ကြီးမှာ စိန်ပန်းပြာပဲရှိတယ်။ ပိတောက်လဲ ရှားပါတယ်။

ခုလိုဖတ်ရတဲ့အတွက် ကိုယ့်မြို့ကိုယ် အရမ်း ဂုဏ်ယူမိသလို အရမ်းလဲ ကြည်နှုးပါတယ်။ မျှဝေသူကို ကျေးဇူးတင်ပါတယ်။

khine zaw said...

TGI mhar d tat clean aung arr lone kyoe sarr phoe. lo par tel
...........

shanghua said...

ပြောချင်လို့ ပြောတာမဟုတ်ပါဘူး။ မြန်မာပြည်က စာရေးဆရာတွေထဲမှာ အခုလိုပဲ ကိုယ်ရေးမဲ့အကြောင်းအရာကို သေသေချာချာ မလေ့လာပဲ ချက်ချင်းကောက်ချက် ချလိုက်တတ်တာ ၀မ်းနည်းစရာပဲ။ ငယ်တုန်းက ဖတ်ဖူးလိုက်သေးတယ်။ စာရေးဆရာရဲ့ အမည်နဲ့ ၀တ္ထုခေါင်းစဉ်ကိုတော့ မေ့သွားပြီ။ သူကလဲ သူ့အထင်နဲ့ ရှမ်းပြည်ကို အခြေခံပြီး ရေးတဲ့ ဇာတ်လမ်း။ မသိသူကတော့ အဟုတ်မှတ်နေမှာပေါ့။ သူ့ဇာတ်ကောင် မင်းသား မင်းသမီးက စတော်ဘယ်ရီပင်အောက်မှာ ချိန်းတွေ့ကြတယ်တဲ့လေ။ စတော်ဘယ်ရီဆိုတာ မြေနဲ့ကပ်ပြီးပေါက်တဲ့ ချုံပင် အမျိုးအနွယ်ဆိုတာ ၉ တန်း ဇီဝထဲမှာ သင်ရဖူးပါတယ်။ မသိသူတွေ မမှားရလေအောင် စာရေးသူမှာ (နေမင်းသန့်) တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ချယ်ရီပန်းက ဆောင်းအကုန် နွေအကူး ဖေဖော်ဝါရီလ လောက်မှာ ပွင့်တာပါလို့နော်။ တောင်ကြီးသားတွေကတော့ သိကြမှာပါ။ နောက်ပြီးပန်းသက်က သိပ်မကြာတော့ မတ်လမရောက်ခင်ကို ကြွေကုန်ကြပြီ။ ဧပြီလ နွေခေါင်ခေါင် တောင်ကြီးသွားတော့ ပလတ်စတိတ်နဲ့ လုပ်ထားတဲ့ ချယ်ရီပဲ တွေ့ရမယ်ထင်ပါတယ်။

Anonymous said...

chit dal tgi ko

winnepooh24 said...

တောင်ကြီးမြို့လေးကမြို့လေးတင်သန့်ရှင်းတာမဟုတ်ပါ
ဘူး။တောင်ကြီးသူ၊တောင်ကြီးသားတွေရဲ့စိတ်ကလေးကလည်းဖြူစင်သန့်ရှင်းပါတယ်။ဒါတွေကိုတခြားမြို့တွေ
ရောက်မှပိုသိလာတယ်။