Monday, August 13, 2007

ညမီးကျီး

ဂျူး

ညမီးကျီးလား ညမီးကျည်လား..... ဘယ်တစ်ခုက အမှန်လဲ မသိဘူး။ မီးကျည်လို့တော့ ထင်တာပဲ။ ဂျူးက ညမီးကျီးလို့ ရေးထားတယ်။ ခေါင်းစဉ်ကြည့်တာနဲ့ တောင်ကြီး မီးပုံးပျံအကြောင်း ဖြစ်မယ်ဆိုတာ လူတိုင်းသိမှာပါ။ မီးပုံးပျံပြုလုပ်ပုံ၊ လွှတ်တင်ပုံကို ဘ၀နဲ့ ခိုင်းနှိုင်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ နည်းနည်းရှည်ပေမယ့် တောင်ကြီးအကြောင်း ဖြစ်နေလို့လည်း မဂ္ဂဇင်း စာအုပ်ထဲကနေ တစ်လုံးချင်း ကူးယူဖော်ပြလိုက်ပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

xxxxxxxxxxxxx

အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့် အော်၍ သတိပေး ကြေညာလိုက်၏။
“အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျတာကတော့ ရွှေအင်းသားအဖွဲ့ရဲ့ “ညမီးကျီး” ဖြစ်ပါတယ်”
လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများကို ကြားလိုက်ရသည်။ “ရွှေအင်းသား” အဖွဲ့ကို အားပေးကြသူများလည်း ပါမည်။ “ညမီးကျီး” ဟူသော အမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်း ပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကား ကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်း စူးရှ သိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင် ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စောက မှတ်ချက်ချမိသည်။ စောအနီးမှာ ရပ်နေသော စောယောက်ျားသည် မီးပုံးပျံများ စောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံ မရ။ ၁၅မိနစ်တစ်ခါလောက် လက်ပတ်နာရီကို ကြည့်ကြည့်နေ၏။

“အမြင့်ပေ ၆၀၊ ထိပ်ဝအကျယ် ၂၅ပေ ရှိပါတယ်။ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန်ကတော့ ပိဿာ ၄၀ တိတိ ဖြစ်ပါတယ်”

ပရိသတ်က ဝေါခနဲ အာမေဋိတ်သံ ပြုလိုက်ကြသည်။ ယမ်းပိဿာချိန် များသည့်အခါ ထိုမီးပုံပျံကြီး ကောင်းကင်မရောက်မီ ပေါက်ကွဲခဲ့သော် ရရှိလာမည့် အန္တရာယ်သည် တော်တော်ကြီးမားမည် ဖြစ်သည်။

“ကုန်ကျစရိတ် စုစုပေါင်း ကျပ်နှစ်သိန်းတိတိ ဖြစ်ပါတယ် ခင်ဗျာ”
အဲသည် ကုန်ကျစရိတ် ကျပ်နှစ်သိန်းရှိပြီး ယမ်းပိဿာချိန် ၄၀ရှိသော မီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။ မီးပုံးပျံကြီး မှိုင်းဝအောင် မီးရှို့ မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖြေဖျော်ရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည် ဗုံမောင်းများ တီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။

စောသည် ပျော်ရွှင်စွာ တီးမှုတ်နေသူများ၊ မှိုင်းတိုက်နေသူများ၊ အလုပ်ရှုပ်စွာ တက်ကြွနေသူများကို ခြေဖျားထောက်ကာ လူအုပ်နောက်မှ ကဲကြည့်ရင်း အံ့သြနေသည်။ သြော် ငွေနှစ်သိန်းကို လှလှပပ မီးရှို့ပြဖို့ လူအင်အားတွေ၊ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ၊ သူတို့ ဘာအတွက် လုပ်နေကြတာလဲ၊ အနုပညာ သက်သက်ပဲလား၊ သူတို့ အတ္တ၊ သူတို့ ဂုဏ်သိက္ခာအတွက်လည်း ပါမှာပေါ့လေ။ ဒါဟာ တစ်နည်းအားဖြင့် Performance Art တစ်မျိုးပဲ။
“စော ပြန်ကြဖို့ ကောင်းပြီ ထင်တယ်၊ နှစ်နာရီ ထိုးနေပြီ”
“ခဏလေး... ဒီတစ်လုံး ကြည့်ပြီးရင် ပြန်မယ်”

သူ့ကို “မောင်” ဟူသော အသုံးအနှုန်းဖြင့် ဆက်ဆံလို့ မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊ သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်း မမှတ်မိတော့ချေ။ သူ့အတွက် စောသည် လူသားတစ်ယောက် အတွက်မဟုတ်တော့ဘဲ ဇနီးအဖြစ် ထီထွင်ခံရသည့် စက်ရုပ်တစ်ခုသာ ဖြစ်တော့သည်။ လိမ္မာယဉ်ကျေး ပြနေသည့် စက်ရုပ်ကလေး တစ်ခုဖြစ်သည်။ တစ်ခါတုန်းက အဲသည့် စက်ရုပ်သည် ချစ်မြတ်နိုးတတ်၊ ကြင်နာတတ်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။

ညသန်းခေါင်ကျော် ကာလ၊ အမှောင်ထု သိပ်သည်းနေဆဲ အချိန်မှာ စောသည် သူမယောက်ျားအား စေ့စေ့စပ်စပ် မော်ကြည့်လိုက်မိသည်။ စော သူ့ကို ဘာတွေ ချစ်မိခဲ့တာလဲ။ သူ့မျက်နှာမှာ၊ သူ့ ဟန်အမှုအရာမှာ စောချစ်ချင်စရာ ဘာမှကို ရှာမတွေ့ချေ။ စော ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ ဟုတ်ပြီ။ သူ့အမှုအရာ အကျင့်ကရော၊ ဇနီးအပေါ်ထားသည့် စိတ်သဘောထားကရော။ Bull Shit! လို့ ပြောရမလား၊ Damn it! လို့ ပြောရမလား။ ဘယ်စကားလုံးက ပိုယဉ်ကျေးပါလိမ့်။

“ဘာရယ်တာလဲ စော”
သူမ ပို၍သာ ရယ်မိပြီး မီးပုံးပျံဆီသို့ အကြည့် ပြန်လွှဲလိုက်သည်။ မီးပုံးပျံကြီးက တဖြည်းဖြည်း ပီပြင်လာပြီ။ တဖြည်းဖြည်း ဖောင်း၍ ဖောင်း၍လာသည်။ တစ်ချက်တစ်ချက်တွင် မီးခိုးမှိုင်းများသည် မီးပုံးပျံထဲမှတစ်ဆင့် လေဝေ့ရာသို့ လွင့်နေသည်။ ကပြနေသူတို့က မမောနိုင်၊ မပန်းနိုင် က ဆဲ၊ တီးသူတို့ကလည်း တီးဆဲ၊ အိုးစည်သံ
နှင့် မောင်းသံသည် လှပစွာ ရောနှောလျက် ကွင်းတစ်ခုလုံး ပျံ့လွင့် စိုးမိုးထားသည်။

စောသည်ကို ရောက်စက အင်းသားနှင့် ပအိုဝ့်ကို မခွဲခြားတတ်ပေ။ အ၀တ်အစားအရ သော်လည်းကောင်း၊ စကားပြော လေယူလေသိမ်းအရ သော်လည်းကောင်း၊ အကဟန် အရ သော်လည်းကောင်း အနည်းငယ် ကွဲပြားကြောင်း လေး ငါးရက်နေပြီးမှ သိလာသည်။ နှစ်မျိုးလုံးဟာ စောအတွက် စိတ်ဝင်စားစရာချည်း ဖြစ်နေ၏။

“ပအိုဝ့်လေးတွေ လက်ချိုးတာက ဟောဒီလို ဟောဒီလို၊ သိပ်ချစ်စရာကောင်းတာပဲ” ဟု ကထိန်လှည့်လာသည့် ပွဲကို ရပ်ကြည့်ရင်းက အားကျလာပြီး သူတို့လက်ချိုးသလို ချိုးကြည့်ကာ က ကြည့်တော့ သူမယောက်ျားက သူ့ကို ပြုံးမဲ့မဲ့ဖြင့် ရိသေး၏။

“စော .... မင်း ကိုယ့်ကို မယူဘဲ ပအိုဝ့်တစ်ယောက်ကို ယူခဲ့ဖို့ ကောင်းတယ်လို့ တွေးနေပြီ မဟုတ်လား”
တွေ့လား၊ စော သူ့ကို မနှစ်မြို့ရခြင်း အကြောင်း အကြောင်းများစွာထဲမှာ သူတစ်ပါးကို နာလိုခံခက်ဖြစ်အောင် ရိတတ်သည့် အကြောင်းလည်း တစ်ခု အပါအ၀င်ဖြစ်သည်။ အမယ်.... သူကသာ သူတစ်ပါးကို စသလို နောက်သလို ရိချင်ပေမဲ့ သူ့ကို ရိသလိုလို ပြောလျှင် မချိအောင် နာကာ ဒေါပွတတ်သေး၏။

“ပအိုဝ့် တစ်ယောက်ကို ယူတာ မယူတာ အသာထားလိုက်ပါလေ၊ ရှင့်ကိုတော့ ကျွန်မ ယူကို ယူခဲ့ဖို့ မကောင်းတာ အမှန်ပဲ”

ထိုစကားကို မျက်နှာထား တည်တည်ဖြင့် ပြောမိတော့ သူ့မျက်နှာမည်းခနဲ မှောင်သွားတာ အကြာကြီး၊ သူ့စိတ်ကို သူ ထိန်းချုပ်ကာ စကားပြောဖို့ စက္ကန့်သုံးဆယ်လောက် အချိန်ယူလိုက်၏။ ထို့နောက် ပြုံးချင် မပြုံးချင်

“အခုတော့ မင်းနောက်ကျသွားပြီ” ဟု အထက်စီး လေသံဖြင့် ပြောလေသည်။
စောလေ .... သူ့ကို မုန်းလိုက်တာ၊ မုန်းလွန်းလို့လည်း စေ့စေ့ကြည့်ပြီး တစ်ခွန်းပဲ ပြန်ပြောမိသည်။

“ထင်သလား၊ နောက်မကျသေးပါဘူး”

ဟုတ်ပါသည်။ အိမ်ထောင်ရေးတစ်ခုကို ပြန်ပြင်ဖို့ သို့မဟုတ် ဖြိုခွဲပစ်ဖို့မှာ နောက်ကျတယ်ဆိုတာ မရှိပါ။ အခု နှစ်နှစ်၊ သုံးနှစ်အတွင်း သူမ အချိန်ယူ စဉ်းစားပြင်ဆင်နေသည်မှာ အိမ်ထောင်ရေးကို အဆုံးသတ်သင့် မသတ်သင့် မဟုတ်ပါ။ အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက် အနာတရ ကြီးကြီးကျယ်ကျယ် မဖြစ်ဘဲ လှပစွာ၊ သိမ်မွေ့စွာ ဘယ်လို အဆုံးသတ်ပစ်ရမလဲ ဟူသည့် အကြောင်းပင်ဖြစ်သည်။

“လေက အရှေ့တောင် အရပ်ကနေ အနောက်မြောက် အရပ်ကို တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ပွဲကြည့် ပရိသတ်များ ခင်ဗျား၊ အနောက်မြောက် အရပ်မှာ မနေကြပါနဲ့ ခင်ဗျား၊ မီးပုံးပျံ မှိုင်းဝနေပါပြီ ခင်ဗျား”

စောတို့ ရပ်နေရာ အရပ်မှာ တောင်အရပ် တည့်တည့်ဖြစ်သည်။ အန္တရာယ် ကင်းမည့်ပုံ ပေါ်ပါသည်။ အနောက်ဘက် အရပ်၊ မြောက်ဘက်အရပ်မှာ စုပြုံရပ်နေကြသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သည်လိုတော့လဲ တွက်လို့ မရနိုင်ပါ။ အခုမှ မီးပုံးပျံက မှိုင်းဝကာ ရုပ်လုံး ပီပြင်သွာ တက်ဖို့ အရှိန်ယူနေဆဲ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် လေသည် အရပ်မျက်နှာ ပြောင်းကာ တိုက်ချင် တိုက်ပစ်လိုက်နိုင်၏။ ထိုအခါ ကျွန်မတို့ ရပ်နေရာသည် အန္တရာယ်ဇုန် ဖြစ်ချင် ဖြစ်သွားနိုင်သေးသည်။

“ရွှေအင်းသား မှိုင်းဝနေပါပြီ ခင်ဗျား။ တက်လာပါတော့မယ် ခင်ဗျား၊ ယမ်းပိဿာချိန် လေးဆယ်တိတိ ဖြစ်ပါတယ် ခင်ဗျား၊ မီးပုံးပျံ လမ်းကြောင်းမှာ မနေကြပါနဲ့ ခင်ဗျား”

ယမ်းပိဿာချိန် ၄၀ သာ ပေါက်ကွဲလိုက်လို့ကတော့....။ စောပုခုံးလေး ကျုံမိ၏။ ဈေးဆိုင်တန်းများဆီမှ အသားကင် ရနံ့သည် ကွင်းပြင်ဆီသို့ လွင့်လာပြန်သည်။ ဆိုင်းတန်းတွေဆီ လှည့်ကြည့်မိတော့ လူတွေ နည်းနည်း ကျဲသွားပြီ။ ဒါပေမဲ့ နံနက် နှစ်နာရီထိအောင် စားသောက်သူများ ရှိနေဆဲ။ စောဖြင့် သည်လောက် ရှည်လျား များပြားလှသော ဈေးဆိုင်တန်းကြီးကကို တစ်ခါမှ မတွေ့ဖူးပေ။ ဤကွင်းပြင်ရှိရာသို့ ရောက်ဖို့ ဘုရားစောင်းတန်း အုတ်လှေကားထစ်များမှ ဆင်းပြီးနောက် ထိုဈေးဆိုင်တန်းကို ထောင့်ဖြတ် ဖြတ်ယူရသည့် အချိန်တုန်းက စော၏ ခြေထောက်တို့သည် မြေနှင့် ထိတစ်ချက် မထိတစ်ချက် ဖြစ်နေခဲ့သည်။ ဆိုင်တန်း မျက်နှာစာကို ကြည့်ပေမဲ့ မမြင်ရ။ ဘေးမှာ ပတ်လည်မှာ စောလိုပင် ပွဲကြည့်ပရိသတ်၊ ပွဲဈေးတန်းလျှောက် ပရိသတ်တို့ဖြင့် အပြည့်မို့ ကြည့်လေရာရာမှာ လူမျက်နှာတွေ၊ မည်းနက်သော ဆံပင်တွေချည်း မြင်နေရသည်။ နည်းနည်း လူချောင်သည့် ဆိုင်တန်းများကို ဖြတ်မိမှ ဘာဆိုင်တွေလဲဆိုတာ မြင်ရသည်။

အခုလို နံနက်နှစ်နာရီ ချမ်းစိမ့်အေးစက်လှသည့် နှင်းမှုန်အောက်တွင် မီးပုံးပျံ စောင့်ကြည့်လိုက်၊ အနီးအနားက ဆိုင်တွေဆီ သွားစားသောက်လိုက်နှင့် သည်ဒေသက လူတွေရဲ့ ဓလေ့ထုံးစံပဲနှင့် တူသည်။ စောအနေဖြင့် ချမ်းစိမ့် တုန်ခိုက်နေသည့် ကိုယ်ခန္ဓာကြောင့် ပူနွေးသည့် ကော်ဖီခါးခါး မွှေးမွှေးလေး တစ်ခွက်တော့ သောက်ချင်သား။ သို့သော် ဆိုင်တန်းဆီ သွားနေတုန်း သည်မီးပုံးပျံ ကောင်းကင်ရောက်သွားသည်ကို မကြည့်လိုက်ရမှာလည်း စိုးရိမ်သည်။ နောက်ပြီး ဆိုင်မှာ ထိုင်မသောက်ချင်။ ကော်ဖီခွကို လက်နှစ်ဖက်ကြားမှာ အုပ်ကိုင်ကာ ကော်ဖီခွက်၏ အပူကို တစ်ကိုယ်လုံး စိမ့်ဝင် နွေးထွေးသွားအောင် ခံစားရင်း၊ လမ်းလျှောက်ရင်း သို့မဟုတ် မတ်တပ်ရပ်ကာ မီးပုံးပျံစောင့်ရင်း ကော်ဖီသောက်ချင်နေသည်။ သူမ၏ အတွေးကို မဟုတ်သေးဘူး ဟု သိ၏။ တောင်ကြီးလို သန့်ရှင်းသပ်ရပ်သည့် မြို့မှာတော့ ကိစ္စမရှိပါ။ တစ်ခြားသာမန်မြို့ကြီးတွေမှာတော့ ပြန်ဆေးယူရသည့် ကြွေခွက်တွေ၊ ဖန်ခွက်တွေနှင့် ကော်ဖီ လက်ဖက်ရည် ရောင်းနေလျှက်သားနှင့် အမှိုက်တွေ၊ ဘူးခွံတွေနှင့် ညစ်ပတ်ရှုပ်ပွ နေခဲ့ပြီးပါပြီ။ သူမဆန္ဒရှိသလို ကော်ဖီကို တစ်ခါသုံး စက္ကူခွက်ဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်ရင်း၊ အလုပ်လုပ်ရင်း သောက်နိုင်ဖို့ စက္ကူခွက် ယဉ်ကျေးမှုတစ်ခု ခေတ်စား အသုံးများလာခဲ့လျှင် အပုံလိုက် အပုံလိုက် ဖြစ်လာမည့် တစ်ခါသုံး စက္ကူခွက်တွေကို မြင်ယောင်ကြည့်မိသည်။ မနည်း မနောရှိမှာပဲ။

အိုးစည် ဗုံမောင်းသံက ပို၍ ပို၍ ကျယ်လောင် မြိုင်ဆိုင်လာသည်။ လူတွေ ပို၍ ပို၍ တိုးဝှေ့လာကြသည်။ မီးပုံးပျံ စတင်တက်နေပြီ။ အားပါးတရ အော်ဟစ်သံဖြင့် တစ်ခဏ ဆူညံသွား၏။

“တို့ အင်းဆားကွ”
“အင်းသား” ဟု အသံမထွက်ဘဲ “အင်းဆား” ဟု ခပ်ဝဲ၀ဲ အသံထွက်ဖြင့် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။ ဆိုင်းသံ ဗုံသံအောက်မှာ အိမ်လောက်ကြီးသည့် မီးပုံးပျံကြီးသည် ယိမ်းထိုးလျက် တရွေ့ရွေ့တက်လေသည်။ မီးပုံးပျံ၏ အောက်မှာ စနစ်တကျ ချိတ်ဆွဲထားသော ယမ်းခွက် အမျိုးမျိုးသည် ယိမ်းနွဲ့လျက် တွဲလောင်းပါသွားသည်။ မီးပုံးပျံကို မှိုင်းတိုက်ခဲ့သော သစ်လုံးကြီးများအား မီးစွဲလောင်နေ လျက်သားနှင့် ငြိမ်းသတ်ဖို့ ကွင်းပြင်တစ်ဖက်သို့ အပြေးအလွှား သယ်သွားကြသည်။ ကွင်းပြင်တစ်ခုလုံး လူတွေ ရွစိရွစိ ဖြစ်နေကြသည်။

မီးပုံးပျံတစ်ခု ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားဖို့ သူတို့အားလုံး တတ်စွမ်းသမျှ ကြိုးစားခဲ့ကြ ပြီးပြီ။ ကျန်သည့် အပိုင်းကတော့ ကံကြမ္မာ၏ အလုပ်ပဲဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏အလုပ်ပေါ့။ လေသည် အရှိန်မှန်မှန်ဖြင့် မီးပုံးပျံကို အထက်မြင့်ရာသို့ တစ်လက်မချင်း တစ်လက်မချင်း သယ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။

လေ၏ အကူအညီဖြင့် မီးပုံးပျံများ လွှတ်တင်သည့်အခါ အဖွဲ့သား အားလုံးကတော့ မီးပုံးပျံ လွှတ်တင်ခြင်း အတတ်ပညာအရ တည့်တည့်မှန်မှန် တက်အောင် ထိန်းချုပ် လွှတ်တင်ကြတာချည်းပါပဲ။ တစ်စုံတစ်ခု ချွတ်ချော်ပြီး ကောင်းကင်သို့ မတက်ဘဲ မီးလောင်ပျက်စီး သွားရတာတွေလည်း ရှိနေခဲ့သည်။ မီးလောင်ပျက်စီးမှုချင်း အတူတူဆိုလျှင် “ ညမီးကျီး” အမျိုးအစား မီးပုံးပျံက မီးလောင်လျှင် ယမ်းပိဿာချိန် များစွာ ပေါက်ကွဲလောင်ကျွမ်းမှာပဲဖြစ်သည်။ ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။

အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခု ကွဲပြား၏။ တစ်ခုက “ စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက် မီးပုံးပျံ အမျိုးအစား၊ နောက်တစ်ခုက “ညမီးကျီး” ဟုခေါ်သော မီးရှူးမီးပန်း ဖောက်သည့် အမျိုးအစား။

စော၏ ယခု နှစ်ည သုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရ ပြောရလျှင် “ညမီးကျီး” မီးပုံးပျံက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်။ သူက ကောင်းကင်အမြင့်သို့ ရောက်သောအခါ တစ်ဆင့်ပြီး တစ်ဆင့် အမျိုးမျိုး ကွဲပြားစွာ၊ လှပစွာ ပေါက်ကွဲပြလေသည်။

ဘေးပတ်ဝန်းကျင် လေထုထဲ၊ အမှောင်ထဲသို့ တည့်တည့်ထိုးဖောက်ဖြာထွက်သော မီးရှုးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ငါးကလေးတွေ ရေမှာ လွန့်လူး ကူးခတ်သလို လှစ်ခနဲ လှစ်ခနဲ ဖြာထွက်သော မီးရှူးမီးပန်းများက တစ်ဆင့်၊ ထို့နောက် ခိုကလေးတွေ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာ ဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက တစ်ဆင့်။ ကောင်းကင်သို့ တောက်ပသော မီးပုံးပျံကြီး တက်နေသည့် အချိန်အတွင်း နောက်ထပ် ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သော မီးရှူးမီးပန်း လှလှများ၏ ပုံစံအမျိုးမျိုး၊ လှပဆန်းကြယ်မှု အမျိုးမျိုးကို စုစည်း ရောနှောကာ မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။

အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျ လှပစွာ ပေါက်ကွဲအောင် တွက်ချက်ပြီး တပ်ဆင်ယူရသည့် အတတ်ပညာကလည်း တော်တော် ချီးကျူးဖို့ ကောင်းပါသည်။

“လေကြောင်း ပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ။ မီးပုံးပျံရဲ့ အောက်တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား”

မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျှက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏ အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့် စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွက်လေသည်။

“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား၊ လွတ်ရာကို ရွှေ့ပေးကြပါ ခင်ဗျား”

မီးပုံးပျံကြီးဆီမှ အုန်းခနဲ ပေါက်ပွဲသံတစ်ချက် ကြားလိုက်ရသည်။ ဝေါခနဲ အော်ဟစ်သံများ ကြားရသည်။ စော၏ ဘေးနားက လူတွေ အထိတ်တလန့် ပြေးရာ၊ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီး ရွေ့သွားသည်။

“စော”
သူ့အသံသည် အထိတ်တလန့် အော်ဟစ်နေသော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညင်သော မြေပြင် မဟုတ်။ အနည်းငယ် စောင်းနိမ့်သွားသော ဆင်ခြေလျှော မြေပြင်ဖြစ်သည်။ ထို့ကြောင့် ပြေးလွှားရင်းမှ အရှိန်မထိန်းနိုင်ဘဲ စော တစ်ချက် ခြေခေါက်ကာ လဲကျသွားသည်။ လူတွေသည် စော၏ ခြေတွေ၊ လက်တွေပေါ်သို့ အမှုမဲ့ အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှု ပေါင်းစပ်ကာ လဲရာမှ ဇွတ် ထ ထိုင်ဖို့ ကြိုးစားဆဲ လက်တစ်ဖက်က စော၏ ပုခုံးမှ ဆွဲညှစ်ကာ ထူမပေးလိုက်သည်။

“ကျေးဇူး....”
ကျေးဇူးတင်စကား ဆိုဖို့ အာရုံသိစတ်ဖြင့် စကား စလိုက်ပေမဲ့ ထိုသူက စောကို လက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီး အကာအကွယ် ပေးလိုက်သဖြင့် စကားစ ပြတ်သွားသည်။ ရုတ်ရုတ်သဲသဲ လူအုပ်ကို ရှောင်ရင်း၊ မတ်မတ်ရပ် တွန်းခံရင်း အမှောင်တစ်ဝက်၊ အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏ မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ့်လား။ တောင်ပေါ်တိုင်းရင်းသား လူမျိုးမှန်းတော့ သိသည်။

“ကျေးဇူးတင်ပါတယ်”
ထိုစကားကို သူကြားပုံ မရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်း ဆွဲဆုပ်ထားမိသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံးပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ ၁၀၀ - ၂၀၀ မှာ ပေါက်ကွဲ ပျက်စီးခြင်းဖြစ်၍၊ မီးတောက်မီးလျှံများ နေရာအနှံ့မှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာ မရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံ့များ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့် မှောင်နေ၏။

နောက်ထပ်ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏ လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီ လွင့်စဉ်လာနိုင်ဖွယ် မရှိသော မီးစ၊ ယမ်းစများကို ကာကွယ်ဟန်ဖြင့် လက်ကို မျက်နှာရှေ့မှာ အမှတ်မဲ့ ကာလိုက်လေသည်။ ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။

“သွားပြီကွာ”
လူငယ်သည် ရွှေအင်းသား အဖွဲ့ထဲမှ ဟုတ်ဟန်တော့ မတူပါ။ သို့သော် မီးပုံးပျံကြီး ပေါက်ကွဲ ပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ရှိသည်။

“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင် တက်သွားလို့ကတော့ ကြည့်လို့ ကောင်းလိုက်မယ့် မြင်ကွင်း... ”
စော၏ အနီးမှာ အားရပါးရ ညည်းညူလိုက်သံ တစ်ခုကိုလည်း ကြားရသည်။ ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ ကင်းလွတ်ခဲ့ပြီ။ စိတ်ဆင်းရဲမှု၊ အားမလို အားမရဖြစ်မှုတို့နှင့် မီးပုံးပျံကြီးအား တဖွဖွ တ သ နေကြသည်။ ကံအားလျော်စွာ မီးလောင် ပေါက်ကွဲမှုသည် ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့်၊ ပရိသတ်ထဲမှ အသေအပျောက် လုံးဝ မရှိခဲ့ဘဲ မီးဟပ်သူ၊ ဒဏ်ရာရသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။

“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှ တက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါပဲ၊ မျှော်လင့်တိုင်း မရကြပါဘူး” တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံ ကြားရသည်။

သို့သော် ပွဲကြည့်စင် အခြေမှာတော့ အသံထွက် ငိုကြွေးနေသူ တစ်ယောက်ရှိသည်။

“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”

ငိုကြွေးနေသည့် လူငယ်လေးဘေးမှ ခြေပစ်လက်ပစ် ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။

“တစ်ခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊ စိတ်ကို ဖြေပါ”

ယောက်ျား ခပ်လတ်လတ် တစ်ယောက်က ငိုနေသော လူငယ်၏ ပုခုံးကို ပုတ်သည်။

“တစ်ခါတလေ ဟုတ်လား။ တစ်နှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ ဘယ်နေရာမှ မပါခဲ့ဘူး”

“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”
မကျေမနပ် ရေရွတ်သံကို ကြားရသည်။ စောသူု့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။
ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်။ နောက်နှစ်ဆိုတာ ရှိပါသေးတယ်။ အေးလေ... နောက်နှစ်အထိ အခြေအနေ ပေးလာခဲ့သေးရင်ပေါ့။ စောသူ့ကို ငေးစိုက်ကြည့်နေမိသည်။ မျှော်လင့်ချက်တွေ ပြိုကွဲ ပျက်စီးသွားသူ တစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ။

“စော”

သူမ ယောက်ျား၏အသံ။ သူမ လှည့်ကြည့်လိုက်သောအခါ လူတွေကြားထဲမှာ တိုးဝှေ့လာသော သူမ ယောက်ျားကို တွေ့လိုက်ရသည်။

“ရှာလိုက်ရတာ စောရယ်”
သူ အနီး ရောက်လာပြီး စော၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။

“ကိုယ်တို့ချင်း ကွဲသွားရင် ဘယ့်နှယ်လုပ်မလဲ၊ မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”
“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”
“မင်းကို ပြောလိုက်ရင် အဲဒီလိုချည်းပဲ၊ လာ.. ပြန်ကြစို့၊ အေးလည်း အေးလှပြီ။ခုဟာက ကံကောင်းလို့ မသေတာ”

ထို့နောက် သူသည် အငိုတိတ်စ ပြုနေပြီဖြစ်သော၊ အံတင်းတင်း ကြိတ်ထားသော ရွှေအင်းသား လူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောက်ျားတစ်ယောက်၏ အငိုမျက်နှာကို သူမကြည့်ချင်၊ မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။

“သနားပါတယ်နော်”
စော သူနှင့်အတူ လိုက်လာရင်း ရေရွတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်သည်။

“အေးလေ... နှစ်သိန်းကြီးများတောင်”

စော သူ့ကို ဖျတ်ခနဲ မော့်ကြည့်မိသည်။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိက မကျဘူး။ သို့သော် ဤခံစားချက်ကို သူနားလည်မည့်ပုံ မပေါ်သဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။

“မအေးဘူးလား စော”

“အင်း.... ခုမှ အေးမှန်းသိတော့တယ်”

“ကိုယ်တော့ ခိုက်ခိုက်တုန်နေပြီ”
မနက်ဖြန် စောတို့ ပြန်ကြတော့မည်။ ၅ ရက်ကြာ ခွဲခွားထားခဲ့သော သမီးလေးဆီ ပြန်ကြတော့မည်။ သမီးလေးအတွက် တိုင်းရင်းသား ၀တ်စုံလေးတစ်စုံ လက်ဆောင်ပါလာသည်။ သူမ စိတ်မှတ်မထင် ပြုံးမိသွား၏။

“အခု ဆက်လက် ပြိုင်ပွဲဝင်မယ့် အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ ဖြစ်ပါတယ်။ ဖိုးသာထူးအဖွဲ့က လွှတ်တင်မယ့် မီးပုံးပျံ အမျိုးအစားဟာလည်း “ ညမီးကျီး” ပဲဖြစ်ပါတယ်”

သြော်... အခုဟာ ရိုးရိုး မီးပုံးပျံ လွှတ်နေတာ မဟုတ်၊ ပြိုင်ပွဲလုပ်နေတာ ပါလားဟု သတိရသွား၏။ ရွှေအင်းသား အဖွဲ့၏ ဆုံးရှုံးမှုများမှ ထင်တာထက် ပို ကြီးမားပါလိမ့်မည်။

အချိန်ကာလ၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှု နာမည်၊ စိုက်ထုတ်လိုက်ရသည့် ခွန်အား၊ အားလုံးထက် ပို၍ ဆုံးရှုံးလိုက်ရသော အရာမှာ မျှော်လင့်ချက် ဖြစ်ပါလိမ့်မည်။

“ကိုယ် နားမလည်တာက ဒီငွေတွေကို မီးပုံးပျံ လုပ်ပြီး မီးရှို့ပွဲ ကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာ ရှိသေးလဲ။ ကောင်းကင်အမြင့်ကျမှ ပေါက်ကွဲကွဲ၊ မြေပြင်နဲ့ နီးနီးပဲ ပေါက်ကွဲ ပေါက်ကွဲ၊ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ။ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အန္တရာယ် မရှိရင် ပြီးတာပဲ မဟုတ်လား”

“ထူးခြားတာပေါ့”
“ဘာ ထူးခြားတာလဲ”

ဘုရားစောင်းတန်း ရှိရာသို့ လျှောက်လာရင်း စောသည် မီးပုံးပျံ ကွင်းပြင်ဆီသို့ တစ်ချက် ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက် ပို၍ ရှင်းပြပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

“မီးပုံးပျံ လွှတ်တယ် ဆိုကတည်းက တစ်ချိန်မှာတော့ ဆုံးရှုံးပျက်စီးမှာ ဆိုတာ မှန်ပါရဲ့။ အခုလို ညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှု ပိုတယ်။ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့ တစ်ခုပဲ။ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလို လှလှပပ တစ်မျိုးပြီး တစ်မျိုး ပေါက်ကွဲဖို့က နောက်တစ်ဆင့်။ အခုလို ဘာမှ မရလိုက်ဘဲ အလဲလဲ အကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ။ ဘယ်သူမဆိုလေ... ဂုဏ်သိက္ခာရှိရှိ၊ က္ကုနြေ္ဒရရ လှလှပပလေး ပေါက်ကွဲ အဆုံးသတ် သွားချင်တာချည်းပါပဲ”

စော၏စကားကို သိပ်နားလည်ပုံ မပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။

“ကျွန်မလည်း ဘ၀နဲ့ ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်အလန့် အလဲလဲ အကွဲကွဲတော့ အဆုံး မသတ်သင့်ဘူး။ လှလှ ပပ သိက္ခာရှိရှိလေး... ”
သူရယ်မောသည်။

“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”
“သမီးလေး မြန်မြန် ကြီးပြင်းစေချင်လှပြီ”
သူမ ညည်းညည်းကလေး ပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။

လောကတစ်ခုလုံးမှာ သူမ ဂရုစိုက်ဆုံး အရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။

ဂျူး (မဟေသီ၊ သြဂုတ် ၂၀၀၀)

3 comments:

naylinn said...

တောင်ကြီးသား၊ တောင်ကြီးသူတွေ ဘာလို့ မီးပုံးပျံ ကို ဘာလို့ ခုံမင်နေကြလည်းဆိုတာကို သိရှိနိုင်တဲ့ ဒီပိုစ်လေးက တောင်ကြီးချယ်ရီ ရဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ ပိုစ်လေးပါပဲ..မနိုင်းနိုင်းကို ကျေးဇူး

hninhnin said...

မသိတာတွေအများကြီး မှတ်သားသွားရပါတယ်။ ကျေးဇူးပါ။

khunaung said...

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာဟာ မီးပုံးပျံအတွက် သီးသန့်တခုဖြစ်သလို ပဒေသာပင် လှည့်လည်တဲ့အကြောင်းပါ ထည့်ပေးနိုင်ရင် ပိုကောင်းမယ်လို့ ကျနော်မြင်တယ်... မီးပုံပျံဟာ အခရာဖြစ်တယ်ဆိုတာ မှန်ပါတယ် မီးပုံပျံပြုလုပ်တဲ့အချိန်မှာ အချိန်..ငွေ ... စြ်းလုံးညီညွတ်မှု လိုအပ်သလို သစ္စတရားဆိုတာလည်း အဓိက ဖြစ်ပါတယ်... ထို့အတူ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ လှည့်တဲ့ ပဒေသာပင်ဆိုတာကလည်း အချိန်...ငွေ...လူအင်အား... စည်းလုံးညီညွှ်ျမှုတွေ အဓိက ပါဝင်ပါတယ်.... နိုင်းနိုင်းစနေကို ကျေးဇူးအများငြကီးတင်ပါတယ် ကိုရဲမြန်မာကိုလည်း အထူးကျေးဇူးတင်ပါတယ် ကျနော့်ကတော့ စာရေးဆရာမဟုတ်တဲ့အတွက် ဖန်းတီးလို့ မတတ်တာ ခွင့်လွတ်ပေးကြပါ ... အားပေးရင်း ဝေဖန်မှုကိုတော့ ခွင်ပြုပေးပါလို့ တောင်းပန်ပါတယ်