Monday, July 9, 2007

မှတ်မှတ်ရရ အိမ်ဖြူတော်

ပို့စ်တစ်ခုမှာ ထိုင်လို့ကောင်းတဲ့ ဆိုင်အကြောင်း ရေးကြမယ်ဆိုတာနဲ့ ထိုင်ခဲ့ဖူးတဲ့ ဆိုင်ကို ကျွန်မသွားသတိရ
မိတယ်။ (၁၀)တန်းအထိ လက်ဖက်ရည်ဆိုင်ကို ကောင်းကောင်း မထိုင်ခဲ့ဖူးပါဘူး။ ရှက်လို့တော့ မဟုတ်ဘူး။ အဓိက က သူငယ်ချင်း အပေါင်းအသင်း နည်းလို့ပါ။ (၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ တန်းစီ စောင့်နေရတဲ့ ခေတ်မှာ မနက်တိုင်းလိုလို လက်ဖက်ရည်ဆိုင် ထိုင်ဖို့ အကြောင်းဖန်လာပါတယ်။ အားအား ယားယား၊ နားနားနေနေ မနေတတ်တဲ့ ကျွန်မ (၁၀)တန်းအောင်တော့ ဗိုလ်ချုပ် ပန်းခြံဘေးက ၀ိုင်အမ်စီအေမှာ စားပွဲတင် တင်းနစ် သွားကစားဖြစ်ခဲ့တယ်။ ၀ိုင်အမ်စီအေရဲ့ ခြံဝင်းကျယ်ကြီးထဲမှာ "အိမ်ဖြူတော်" ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေး ရှိတယ်။ ကားလမ်းနဲ့ အနည်းငယ်ဝေးပြီး တိတ်တိတ် ဆိတ်ဆိတ်နဲ့ ငေးလို့ကောင်း၊ ထိုင်လို့ကောင်းတဲ့ အိမ်ဖြူတော်မှာ လူပြတ်တယ်လို့ မရှိခဲ့ပါဘူး။

မနက်တိုင်း ဘောလုံးသွားကစားရင် ကျွန်မရဲ့ မနက်စာကို အိမ်ဖြူတော်မှာပဲ ပြီးလိုက်တာ များတယ်။ တစ်ခါခါ
ညနေပိုင်း တရုတ်ကျောင်းလစ်ပြီး ဘောလုံး သွားကစားဖြစ်ခဲ့ရင် အိမ်ဖြူတော်က ချိုစိမ့်ဟာ ကျွန်မရဲ့ နောက်
ပိတ်ဆုံး အစာလေးပေါ့။ ဘောလုံး မကစားဖြစ်တဲ့ နေ့တွေမှာလည်း သူငယ်ချင်းတွေ စုမိပြီဆိုရင် အိမ်ဖြူတော်ကို ကျွန်မတို့ ရောက်သွားတတ်ကြတယ်။ အစားအစာနဲ့ လက်ဖက်ရည်က ကောင်းသလို စားပွဲထိုးတွေကလည်း ဖော်ရွေပြီး ဆိုင်ရှင်ကလည်း သဘောကောင်းပါတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းတွေ ဖွင့်ခိုင်းလို့ ရသလို၊ ကိုယ်ခွေနဲ့ ဖွင့်ခိုင်းလို့လဲ ရတယ်။

ဝိုင်အမ်စီအေ သွားရင် အမြဲတမ်း ပြိုင်ဘီးနဲ့ ကျွန်မသွားဖြစ်တယ်။ မှတ်မှတ်ရရ ညနေခင်းတစ်ခုမှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားပြီး သူငယ်ချင်းတစ်ယောက်နဲ့ သွားစရာရှိလို့ ရုံထဲကနေ ကျွန်မတို့ စောစော ထွက်လာခဲ့ကြတယ်။ ပြိုင်ဘီး သေးသေးလေးမှာ ကျွန်မတို့ နှစ်ယောက် စီးမလို့ပါပဲ။ သူငယ်ချင်းက ကျွန်မကို တင်မယ်ဆိုလို့ သူ့ကို နင်းစေတယ်။ ကျွန်မရဲ့ စက်ဘီးအထာကို သူမသိလို့ ထင်ပါရဲ့... ရုံကနေ အရှိန်နဲ့ နင်းထွက်လာတဲ့ စက်ဘီးက ဘီး သုံး...လေးလှိမ့်စာပဲ ရှိသေးတယ်။ "ချောက်..ချောက်" ဆိုတဲ့ ချိန်းကြိုး ညှပ်သံနဲ့အတူ ဘိုင်းဆိုတဲ့ အသံက မရှေးမနှောင်း ထွက်လာခဲ့တယ်။ လက်ဖက်ရည်ဆိုင်က လူတွေအားလုံးရဲ့ မျက်စိက သဲပေါ်ကို လဲကျသွားတဲ့ စက်ဘီးနဲ့ စက်ဘီးအောက်မှာ ပိနေတဲ့ ကျွန်မတို့ နှစ်ယောက်ဆီမှာပေါ့။
လူမရှိ သူမရှိတဲ့ နေရာမှာ လဲရင်တော့ ဘာမှ မဖြစ်ပါဘူး။ ခုဟာက လက်ဖက်ရည်ဆိုင် ရှေ့တည့်တည့်မှာ..
ဘယ်ပြောကောင်းမလဲ အပျိုလေး ကျွန်မတို့နှစ်ယောက် လူတွေအများကြီး ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်
ရှေ့မှာ မျက်နှာကို ဘယ်နားသွားဖွက် ထားရမှန်းတောင် မသိတော့ဘူး။ ရှက်ရှက်နဲ့ ဘယ်လို ထပြီး ဘယ်လို
လုပ်လိုက်တယ် မသိဘူး.. သတိရလို့ ကြည့်လိုက်တော့ မင်းလမ်းပေါ်ကို ကျွန်မတို့ ရောက်နေပါပြီ။

အခုတော့ ၀ိုင်အမ်စီအေရှေ့မှာ အိမ်ဖြူတော်လည်း မရှိတော့ပါဘူး။ ဆိုင်ကို ရုံနောက်ရွေ့ပြီး နာမည် အသစ် တစ်ခု ပြောင်းလိုက်ပါပြီ။ ၀ိုင်အမ်စီအေရဲ့ ခြံဝင်းကျယ်ကြီးထဲမှာလည်း တိုက်ခန်းအသစ်တွေ ဆောက်ပြီး စတိုးဆိုင်တွေ လုပ်လိုက်ကြပြီ (၂၀၀၁ ပြန်တုန်းက ဆောက်နေဆဲပါ)။ ရုံထဲမှာ တင်းနစ်ခုံတွေ ရှိသေးလား... ကြက်တောင်တွေ ရိုက်သေးလား ဆိုတာကိုတော့ ကျွန်မ မသိတော့ပါဘူး။ အရာအားလုံးဟာ အချိန်နဲ့ ပြောင်းလဲနေပေမဲ့ ကျွန်မဘ၀မှာ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကတော့ အချိန်ရဲ့တိုက်စားခြင်းကို မခံခဲ့ရ ပါဘူး။ အားလုံးဟာ မှတ်မှတ်ရရရှိနေဆဲပါ.....

နိုင်းနိုင်းစနေ

3 comments:

KC said...

ဝိုင်အမ်စီအေ အရှေ့မှာရော
အနောက်မှာရော တိုက်ခန်းတွေဆောက်လိုက်ပြီ
ကြက်တောင်တော့ ကစားနေကြတုန်းပါပဲ။

အထဲမှာ body centre လည်းလုပ်ထားတယ်
ပိန်ချင် ၊ ဝချင်တဲ့သူတွေအတွက်ပေါ့။ :)

နောက်နေ့မှ တောင်ကြီးမြို့ ရဲ့ ဓါတ်ပုံတစ်ချို့
တင်ပေးလိုက်ပါ့မယ်။

. . . . . KC . . . . .

နိုင်းနိုင်းစနေ said...

ကျေးဇူးအထူးပါ KC.. ထွက်လာတာက ၁၀နှစ် မပြန်တာက ၆နှစ် ကျော်ခဲ့ပါပြီ။ အခုဆို ဆိုင်တစ်ဆိုင်ရဲ့ နာမည်ပြောလိုက်ရင် ဟိုနားလိုလို ဒီနားလိုလိုနဲ့ ယောင်နေတတ်တယ်။ တန်ဆောင်တိုင်တုန်းက ပုံတွေကြည့်ပြီး မင်းလမ်းမှာ တိုက်သစ်တွေ အများကြီးတိုးလာတာ တွေ့လိုက်တယ်။ ဒီချယ်ရီမြေကြောင့်ပဲ တောင်ကြီးမြို့ကို ပြန်မှတ်မိစေပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ ပုံတွေ များများတင်ပေးနိုင်ပါစေလို့...း)

Ko Myo said...

အိမ်ဖြူတော်က အခုမရှိတော့ဘူး
ဝိုင်အမ်စီအေတိုက်တန်းက အခုဆို အရင်နဲ့တခြားဖြစ်သွားပြီ။
နိုင်းစနေက 95 အောင်တာထင်တယ်။