Saturday, August 11, 2007

အတိတ်ရဲ့ ခြေရာတစ်ချို့

တစ်ချိန်က ကျွန်တော်တို့ ဝေဟင်ကို လွှတ်တင်ပြီး တစ်ယောက်ကို တစ်ယောက် အပြိုင်ဖြတ်ချခဲ့တဲ့ စွန်လွှတ်ခြင်းတွေလည်း ပျောက်ဆုံးကုန်လောက်ရောပေါ့… တစ်စထက်တစ်စ မြင့်မားလာတဲ့ တိုက်တာ အဆောက်အအုံတွေ ကြောင့်လေ . ..ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့သော အကြောင်းစဉ်းစားရင်း ကျွန်တော် အိမ်က လမ်းလျှောက်ထွက်လာခဲ့မိသည်။ မိုးရာသီဖြစ်လို့လဲ လူသွားလူလာကျဲနေတာကို သတိပြုမိသည်။ ဘေးဘယ်ညာကို ကြည့်ရင်း ဗွက်အိုင်တွေကို ရှောင်ရင်းပေါ့… ဒီလိုနဲ့ အိမ်လမ်းထိပ်ကိုရောက်သည်။ သင်္ချာ ဦးစိုးဝင်း ကျူရှင်အဆင်းနှင့်တိုးသည်။ တက်တော့ မတက်ခဲ့ဘူးပါ။ ဒါပေမယ့် ငယ်ငယ်က ဗုဒ္ဓဘာသာ သင်တန်း တက်ခဲ့တုန်းက ဆရာရဲ့ ကျူရှင်မှာ သင်ခဲ့ရတာလေ။ အလှူရှင်တွေက ကျွေးသော ဒါနများနှင့် သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ပေါ့။ နွေရာသီကျောင်းပိတ်ရက်လေးတွေမှာ ဖြတ်သန်းခဲ့ပုံလေးတွေကို သတိရသည်။

ထိုမှတဆင့် ညာချိုးပြီး အရှေ့ဘက်သို့ဆက်ထွက်ခဲ့သည်။ မိုးကတိတ်သွားပြီး နေပြန်ပူလာသည်။ လမ်းမထက်မှ ရေငွေ့လေးတွေ ထွက်လာသည်ကို တွေ့လိုက်ရသည်။ နဲနဲရှောက်မိတော့ ကျွန်တော်တို့အခေါ် အရှေ့လမ်း လေးပေါ့။ တစ်ချိန်က မိုင်းရှူးကျောက်တွေ ခေတ်စားတုန်းက ထိုလမ်းလေးတွင် ကျွန်တော်ခြေရာ ထပ်ခဲ့ဖူးပါသည်။ ရေဗုံးလေးထဲတွင် ရေထည့်၊ ပြီး နှင်းဆီပန်းများထည့်ရင်း လက်ဖွင့်သူများအတွက် ကျွန်တော်တို့ ခြံထွက်နှင်းဆီပန်းများအား ရောင်းဖို့အတွက်ပေါ့။ ထိုမှတဆင့် မြို့မဈေးကြီးရဲ့ တောင်ဘက် အပေါက်ကို ရောက်သည်။ ကျောင်းမသွားခင် ပို့ခဲ့ရသော ဖောက်သည် ရွှေဆိုင်၊ အထည်ဆိုင်များ။ သူတို့ဆိုင်ဖွင့်ကို စောင့်ရ၍ ကျောင်းနောက်ကျခဲ့တာတွေ ကိုလည်းသတိရမိသည်။ သူတို့ကတော့ ကျွန်တော့်ကိုမှတ်မိလောက်တော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ စာရေးကိရိယာတွေ ၀ယ်နေကျ သန့်စင်စတိုးကို ဖြတ်ရှောက်မိသည်။

ထိုမှတဆင့် ဈေးကြီးရဲ့မျက်နှာစာအတိုင်း။ ကုန်တိုက်ကြီးနှင့် ကမ္ဘောဇ စတိုး ကြားလမ်းလေးမှာ ညဈေးတန်းလေး စတင်အသက်ဝင်နေပါပြီ။ အပြန်မှပဲ ၀င်စားတော့မယ်လို့စိတ်ကူးဖြစ်သည်။ ဒီလိုနဲ့ ဆက်လျှောက်မိသည်။ ရွှေကိန္နရီ က လမ်းတစ်ဘက်ခြမ်းမှာ။ သူ့ဘေးက ညဈေးတန်းလေးကလည်း အိမ်ပြန် နောက်ကျ၊ အလုပ်ပြန်နောက်ကျတဲ့ အိမ်ရှင်မတွေအတွက် မရှိမဖြစ်ဈေးလေးပေါ့။ ထိုမှတဆင့် မယ်ဆိုင် မီနီမက်ကတ်ကို ဖြတ်ရှောက်ရသည်။ အခုတော့ ဘယ်လိုနေသည် မသိပါ။ သူနှင့်မျက်နှာချင်းဆိုင်က မြို့မ ရုပ်ရှင်ရုံလေ။ သူ့ဘေးမှာတော့ ကျွန်တော်တို့မြို့လေးရဲ့ နာမည်ကျော် တောင်ကြီး ပေါက်စီပေါ့။ မိုးလည်းတိတ် ကောင်းကင်ကလည်း တိမ်တွေကင်းလာတော့ လူတွေစည်လာသလိုဖြစ်လာသည်။

စတိုင်အမျိုးမျိုးနဲ့ လမ်းလျှောက်ထွက်လာကြသူများ၊ မြို့လည်ဓမ္မာရုံသို့ သွားကြသူများ၊ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ထွက်လာကြသူများပေါ့။ ကျွန်တော်ကတော့ အတိတ်ရဲ့ ခြေရာတွေအတိုင်း လျှောက်ရင်းပေါ့။ တတ်နိုင်တဲ့ သူများကတော့ ဆိုင်ကယ် တ၀ီဝီနဲ့လေ။ ဆိုင်ကယ်ကို လှပအောင် တန်ဆာဆင်ရင်း၊ သူတို့ ဦးတည်သွားတာက စူဠာမုနိ လောကချမ်းသာဘုရားဆီကိုပဲ နေမှာလို့တွေးမိသည်။ လူငယ် တော်တော်များးများက ညဘက်ဆိုရင် မင်းလမ်းတလျှောက် အပေါ်တက်လိုက်။ အောက်ဆင်းလိုက်နဲ့ ဟန်ရေးပြကြ သည်လေ။

ဆိုင်ကယ် သံတွေ၊ ဟွန်းသံတွေနဲ့ တောင်ကြီးမြို့ရဲ့ မင်းလမ်းလို့ခေါ်ကြတဲ့ လမ်းမပေါ်မှာပေါ့။ ဒီစည်ကားမှု လေးက ည ၉:၃၀ လောက်ဆိုရင် ငြိမ်သက်သွားတတ်တာပါ။ ဘာလို့လဲဆိုတော့ ဆိုင်တွေအားလုံးကလည်း အဲဒီ အချိန်ဆိုရင် ပိတ်ပြီလေ။ စတိုးဆိုင်က ကောင်မလေးတွေကို လည်းငန်းလို့ မရတော့ဘူးလေ။ အေးချမ်းမှု ကြောင့်လည်း ပါမည်ထင်တယ်။ ဒီလိုနဲ့ ဖက်ရှင်မီနီမက်ကတ် ကိုဝင်ရရင်ကောင်းမလား စဉ်းစားသည်။ အချိန်ကျန်သေးတာပဲ၊ ၀ယ်မယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့တော့ ပိုက်ပိုက်လည်း ပါမလာဘူးပဲ။

နောက်မှပဲ ၀င်တော့မယ်။ စိတ်ထဲမှာ မှတ်ထားလိုက်သည်။ ထိုမှ တဆင့် ဂျက်စမင်း လ္ဘက်ရည်ဆိုင်ထိပ်ကို ရောက်သည်။ ဆောင်းတွင်း မနက်ခင်းတွေမှာ ကျန်းမာရေးအတွက် သူငယ်ချင်းများနှင့် ထပြေးရင်း အပြန်တွင် ချာပါတီ ပူပူလေးနှင့် အာလူးဟင်းကို တွဲပြီးစားခဲ့ရတာတွေကို တွေးရင်းပေါ့.. ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံကို ရောက်လာသည်။ အရင်က ထိုပန်းခြံထဲတွင် ထမင်းနဲ ထိုးပြိုင်ပွဲတွေ ကျင်းပခဲ့တာတွေက ပေါ်လာသည်။ နောက် ပြည်နယ်အားကစားကွင်း၊ ထိုမှ သစ်တော ရပ်ကွက်လမ်းထိပ်လို့ ခေါ်ရမည်လား။ ယုဒသန်ကို သွားတဲ့လမ်းပေါ့။ ထိုလမ်းထိပ်လေးတွင်လည်း ကျွန်တော့်ဘ၀ တစ်ခုရှိခဲ့ဘူးသည်လေ။ အခြေအနေ အကြောင်းကြောင်းကြောင့် ဖွင့်ဖြစ်သွားသော လ္ဘက်ရည်ဆိုင်လေးမှာ ကျောင်းပိတ်ရက်တွေနဲ့ ကျောင်းထမင်းစား ဆင်းတွေမှာ စားပွဲထိုးရင်း ကူညီလုပ်ကိုင်ပေးခဲ့ ပုံလေးတွေ။ ထိုအချိန်ကတော့ စိုင်းစိုင်းက ကျွန်တော်တို့ဆိုင်ရဲ့ ဖောက်သည်ပေါ့။ လ္ဘက်ရည် တစ်ခွက်သောက်ရင်း သူ့ခံစားမှုကို ရွက်လွင့်ခဲ့ဘူး တယ်လေ။ တစ်ခါတစ်ခါမှာတော့ ဂီတာလေးကို ကိုင်ရင်းပြန်လာတာကို မှတ်မိနေသေးတယ်။ သူ့အိမ်က ကျွန်တော်တို့ ဖွင့်ခဲ့တဲ့ဆိုင်နဲ့ ကပ်ရပ်လေ။

ထိုမှတဆင့် ကျွန်တော့်ကျောင်းလေး။ ကျောင်းဝင်အတွင်း ကျောင်းအလွမ်းပြေဆိုပြီးဝင်ခဲ့သည်။ အဖြူ၊ အစိမ်းလေးတွေနဲ့လေ။ အင်း နော်.. သူငယ်ချင်းတွေလည်း ဘယ်မှာတွေ ပါလိမ့်။ ဘ၀မျိုးစုံနဲ့ ရပ်တည် နေလောက် ရောပေါ့။

အချိန်ကို ကြည့်လိုက်တော့ ၈:၃၀ နေပြီ။ ပြန်တော့မှပဲ။ ဗိုက်ကလည်းဆာလာပြီ။ ညဈေးတန်းမှာ ၀င်ဆွဲဖို့ ခြေလှမ်းစ ခဲ့သည်။ မြို့လည်ဓမ္မာရုံရှေ့ရောက်တော့ ဘုရားဝတ်ပြုချင်စိတ်ပေါက်လာပြီး ခဏ၀င်ပြီး ဘုရားရှိခိုး အလှူငွေ ထည့်ဖြစ်သည်။

ညဈေးကို ရောက်တော့ တော်တော် လူစည်နေပြီ။ ဘာစားရင်ကောင်းမလဲ?

ဒီလိုနဲ့ ဗိုက်ဖြည့်ခဲ့သည်ပေါ့။ အိမ်ကိုရောက်ဖို့ သိပ်မလိုတော့။ ခြေထောက်တွေလည်း ညောင်းနေပြီ၊ ဗိုက်ကလည်း တင်းနေပြီ။ အမေကလည်း မျှော်နေပြီ။ ဒါကိုစဉ်းစားမိတော့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ဈေးကြီးနောက်လမ်း နာရီစင်ရှိရာ အတိုင်းပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ လမ်းလေးရဲ့ ရေထွက်လေးကို ရောက်လာခဲ့သည်။ကျွန်တော်တို့ကတော့ သူ့ကို ဥယျာဉ်မှူး ရေထွက်လို့ခေါ်သည်။ နဲနဲဆက်လျှောက် လိုက်တော့ ကျွန်တော်တို့ အိမ်ရောက်သည်။ တစ်လမ်းလုံးက တိတ်ဆိတ်နေပြီ။ မီးပျက်ရက်မို့လည်း ပါမည်ထ င်ပါသည်။ အမေနှင့်အဖေက မအိပ်သေး။ ကျွန်တော်ပြန်အလာကို စောင့်နေသည်။ ကျွန်တော်ကလည်း သွားခဲ့သော နေရာတွေ အကြောင်းပြောပြသည်။ ကျွန်တော့်အထင်၊ ကျွန်တော့်အမြင်တွေပေါ့။ ဒီလိုနဲ့ ကျွန်တော်ရဲ့ အတိတ်ရဲ့ ခြေရာများကို နင်းမိခဲ့ပါသည်။

5 comments:

နိုင်းနိုင်းစနေ said...

တောင်ကြီးပေါက်စီက ပေါက်စီကို တစ်ပတ်တစ်ခါလောက် စားနေကျ.. နေလင်းပြောတဲ့ တစ်ချို့နေရာက ဆိုင်တွေ သိဘူးကွ.. နောက်မှ ဖွင့်တာလား မသိဘူးနော်..ဈေးနောက်ဖက်မှာ နေတယ်ဆိုတော့ အသိထဲက မရှိနိုင်ဘူး.. ဈေးနောက်မှာ နေတဲ့ သူငယ်ချင်း မရှိလို့လေ.. ဟီးး)

khine zaw said...

taw lat kya dar
yae: tat lat kya dar
.......:P :D :D ........
sat yae: par
................:P
KZLM

ကိုချမ်း said...

တောင်ကြီးပေါက်စီက အခုဆိုရင်
ကိုနေလင်းတို့အိမ် လမ်းထိပ်မှာလဲ
နောက်တစ်ဆိုင်ဖွင့်ထားတယ်လေ။

သဉ္ဇာ said...

ညဈေးမှာ ဘာစားခဲ့လဲဟင်။
တစ်မြို့လုံး နီးပါး ပါတ်လိုက်တာဘဲ :)

Phyo Thet Kyaw said...

Nice post. I do like your post and it reminds me of Taunggyi. Thanks a lot ...!