Wednesday, August 15, 2007

ဟိုတုန်းက တန်ဆောင်တိုင်

တောင်ကြီးခုတစ်လော တိတ်ဆိတ်နေပါလား။ မိုးကောင်းလို့ ကွေးနေကြလား မသိဘူးး) ပို့စ်တွေ တက်လာတာ မတွေ့လို့ ဟိုအရင်က ကိုယ့်ဘလော့မှာ ရေးခဲ့တဲ့ တောင်ကြီးနဲ့ ပတ်သက်တဲ့ ပို့စ် အဟောင်းတွေကို ဒီမှာ လာတင်လိုက်ပါတယ်။ အကြံကုန်တော့ ဆားချက်ကြည့်တာပေါ့။ တန်ဆောင်တိုင် ရောက်ဖို့ လိုသေးပေမဲ့ မနှစ်က ရေးခဲ့ဖူးတဲ့ ပို့စ်လေးတင်လိုက်ပါတယ်။ ကိုယ်ဘလော့မှာ တင်တော့ အဆင်ပြေနေတယ်။ ဒီဘလော့မှာတော့ ဆင်ဆာဖြတ်ခံရမလား မပြောတတ်ဘူး.. ဟား..ဟား.. အက်မင်ရေး.. ပိစ်နော်.. အမှန်တွေပဲ ရေးထားတား)

အားလုံးကို ခင်မင်လေးစားလျှက်
နိုင်းနိုင်းစနေ




အားလပ်တဲ့ တစ်ရက်မှာ အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်း လင်မယားကို ဖုန်းဆက်ဖြစ်ခဲ့တယ်။ ချက်ရွန်း တစ်ခုမှာ သိခဲ့ကြတယ် ဆိုပေမယ့် တကယ် ခင်ခဲ့ကြတဲ့ သူတွေပါ။ တကယ်လည်း ခင်ဖို့ကောင်းတဲ့ အတွဲညီတဲ့ ဇနီးမောင်နှံ နှစ်ဦးပါပဲ။ သူတို့ နေတဲ့ အင်းလေး-ညောင်ရွှေဘက်မှာ ရေကြီးနေတဲ့ အကြောင်း၊ရေတွေ ဒူးကျော်ကျော် မြုပ်လို့ ဘယ်မှမသွားနိုင်၊မလာနိုင်တဲ့ အကြောင်း၊ ပုံတွေ ရိုက်ပြီး ထည့်ပေးမယ် ဆိုတဲ့ အကြောင်း အလာပ၊ သလာပတွေ ပြောခဲ့ကြတယ်။ ဖုန်းမချခင်မှာတော့ ပြောနေကျ စကားအတိုင်း ကျန်းမာရေး ဂရုစိုက်ဖို့၊ မြန်မာပြည် တစ်ခေါက် ပြန်လာဖို့ပါပဲ။ မယ်မီးရေ.....နောက်လ (၄)ရက်နေ့ တောင်ကြီး တန်ဆောင်တိုင် ပွဲစပြီနော် တဲ့ နောက်ဆုံး ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မ စိတ်တွေ အတိတ်ဆီကို ပြန်ရောက်အောင် တွန်းပို့ ပေးခဲ့တယ်။ ဖုန်းချပြီး မနှစ်က သူတို့ ပို့ပေးတဲ့ ပုံတွေကို ကြည့်ရင်း ကျွန်မနဲ့အတူ ရှိခဲ့ဖူးတဲ့ တောင်ကြီးတန်ဆောင်တိုင်ကို လွမ်းမော တမ်းတမိတာ အမှန်ပါပဲ။

ချမ်းအေးတဲ့ တောင်ကြီးမြို့ရဲ့ (၁၂)ရာသီပွဲတော်ထဲမှာ တန်ဆောင်တိုင်ပွဲတော်ဟာ အစည်ကားဆုံး ဆိုရင် မမှားပါဘူး။ တခြား မြို့ရွာတွေမှာ ပြုလုပ်နေကျ ပွဲတော်အတိုင်း တောင်ကြီး တန်ဆောင်တိုင်ဟာလည်း ဇာတ်သဘင်၊ ချားရဟတ်၊ စတိတ်ရှိုး၊ အထူးအဆန်း ပြသမှုတွေနဲ့အတူ ကြက်ပျံမကျတဲ့ ပွဲဈေးတန်းတွေ ပါပါတယ်။ အထူးသဖြင့် ရိုးရာ အစားအစာ၊ မီးပုံးပျံ ပြိုင်ပွဲ၊ အလှ လွတ်ပွဲနဲ့ ပဒေသာပင် လှည့်တာတွေဟာ တောင်ကြီးတန်ဆောင်တိုင်ကို ပိုစည်ကားစေခဲ့တယ်။

အရင်က ပွဲဈေးတော်ကို မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ပတ်ပတ်လည်မှာ ပြုလုပ်ခဲ့ပြီး ကွင်းထဲမှာတော့ မီးပုံးပျံတွေ လွတ်ခဲ့တယ်။ အ.ထ.က(၁)နဲ့ (၃)လမ်းတစ်လျောက်မှာတော့ မြို့ခံလူတွေ၊ အနယ်နယ် အရပ်ရပ်က လာကြတဲ့ ဧည့်သည်တွေနဲ့ တိုးလို့မပေါက်အောင် စည်ကားခဲ့တယ်။ မီးပုံးပျံ လွတ်တဲ့ ညအချိန်တွေဆိုရင် ပိုဆိုးတယ်။ ကျိတ်ကျိတ်တိုး ပါပဲ။ မီးပုံပျံကို နေ့ရော ညပါ လွတ်ကြတယ်။ နေ့မှာတော့ မီးပုံးပျံတွေကို အစုလိုက် အပြုံလိုက် လွတ်တတ်ကြတယ်။ ပုံစံမျိုးစုံပါပြီး အကောင်တွေက ပိုများခဲ့တယ်။ သူငယ်ချင်း ပို့လာတဲ့ ပုံကို ကြည့်ခြင်းအားဖြင့် တနှစ်ထက် တနှစ် အကောင်တွေက ပိုစုံလာတယ်။ အရောင်အသွေးတွေနဲ့ ပိုလည်းလှလာတယ်။ ညမှာ လွတ်တဲ့ မီးပုံးပျံတွေကတော့ ဘေးမှာ အလှမီးတွေ၊ မီးရှူး မီးပန်းတွေ၊ လေထီး သေးသေးလေးတွေ ထည့်လာတယ်။ အခုနောက်ပိုင်းမှာ ကြော်ငြာတွေပါ ထည့်လာကြတယ်။ လေထီးထဲမှာ ကံစမ်းမဲလည်း ပါတယ်လို့ ဆိုပါတယ်။ ဘေးမှာ မီးတွေပါတဲ့ ညလွတ်မီးပုံးပျံကို စိန်နားပန်လို့ ခေါ်ကြတယ်။ ပြိုင်ပွဲလုပ်တဲ့ မီးပုံးပျံတွေထဲမှာ ဟော်ကုန်း(ရပ်ကွက်) မီး ဆိုရင် တော်တော် နာမည်ကြီးပါတယ်။

တန်ဆောင်တိုင်မှာ မပါမဖြစ်တာက ပဒေသာပင် လှည့်တာပါပဲ။ ပဒေသာပင်တွေ သီတဲ့နေရာမှာ တောင်ကြီးသားတွေရဲ့ လက်ရာဟာ ပြောင်မြှောက်လှပါတယ်။ ကျပ်တန်လေးတွေကို ခေါက်ပြီး လိုချင်တဲ့ပုံ သီကြတယ်။ တန်ဆောင်တိုင် လပြည့်နေ့မှာ ရပ်ကွက်အလိုက်၊ ကျောင်းအလိုက်၊ အတန်းအလိုက် ပဒေသာပင်တွေထမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျောက်လှည့်ကြတယ်။ ကိုယ့်ရပ်ကွက်၊ကိုယ့်ကျောင်း၊ ကိုယ့်အတန်းက ပဒေသာပင်တွေ ထမ်းပြီး အိုးစည် ဗုံမောင်းတွေတီးရင်း ကွေးနေအောင် ကကြတဲ့ အထဲမှာ ကျွန်မလည်း အပါအ၀င်ပါပဲ။ (ပုံတွေ တောင်ကြီးမှာ ကျန်ခဲ့လို့ မဖော်ပြနိုင်တဲ့ အတွက် ၀မ်းနည်းပါတယ်း)ယောက်ျားလေးတွေနဲ့ ရောပြီးပဒေသာပင် ကူထမ်းလိုက်၊ ၀ါးလက်ခုပ် တီးကူလိုက်နဲ့ မောတယ်ဆိုတာ မရှိခဲ့ပါဘူး။နောက်မှ အဲဒီ ပဒေသာပင်တွေကို ဆိုင်ရာဆိုင်ရာ ဘုန်းကြီးကျောင်းမှာ လှူခဲ့ကြတယ်။

မှတ်မိပါသေးတယ်။ ကျွန်မအထက်တန်းတုန်းက ကျောင်းအလိုက်ပဒေသာပင် လှည့်ခဲ့ကြတဲ့နှစ်ကို မှတ်မိသေးတယ်။ အဲဒီနှစ်ဟာ ကျောင်းအလိုက် ပဒေသာပင် လှည့်ခွင့်ရတဲ့ နောက်ဆုံးနှစ်ပဲ ထင်ပါတယ်။ အဲဒီနှစ် ကျောင်းအလိုက် ပဒေသာပင် လှည့်မလို့ အတန်းအလိုက် ပဒေသာပင်တွေ ထမ်းထုတ်ကြတော့ တချို့ပဒေသာပင်တွေက ကျပ်တန်လေးတွေ ခေါက်ပြီး လှပအောင် သီထားတဲ့ ခွပ်ဒေါင်းပုံတွေ၊ မြန်မာပြည် မြေပုံ ဘေးက သပိတ်ကို မှောက်ထားတဲ့ ပုံတွေ၊ ခမောက်ပုံတွေ၊ ဖွင့်ထားတဲ့ စာအုပ်ပေါ်မှာ ဓားထိုးထားတဲ့ ပုံတွေဟာ တောင်ကြီးသားတွေရဲ့ လက်ရာကို ပိုပီပြင်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီပဒေသာပင်တွေကို ကျောင်းဝအထိပဲ ထမ်းထုတ်ခွင့်ရခဲ့တယ်။ ဘုရားပုံတော်ပါတဲ့ ပဒေသာပင်တွေသာ လှည့်ခွင့်ရပြီး ကျန်တဲ့ ပဒေသာပင်ကို ချက်ချင်း ဖျက်လိုက်ကြရတယ်။ အဲဒီနှစ်က တောင်ကြီးတက္ကသိုလ် ကျောင်းသားတွေရဲ့ ပဒေသာပင်လည်း မြို့ထဲအထိ လည်ခွင့် မရခဲ့ဘူး။ ကိုယ့်ကျောင်းဝင်းထဲမှာပဲ မစည်ကားစွာ လှည့်ခဲ့ကြရတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကျောင်းအလိုက် လှည့်ခွင့် မရတော့ဘဲ ရပ်ကွက်နဲ့ ပေါင်းပြီးလှည့်ကြရတယ်။ ပဒေသာပင်တိုင်း ဘုရားနဲ့ပတ်သက်တဲ့ ပုံတွေကလွဲလို့ တခြားပုံတွေ မလုပ်ကြရတော့ပါဘူး။

နောက်တော့ ပွဲဈေးတန်းကို တောင်ကြီးမြို့ အ၀င် ရ.ပ.ခ ရှေ့မှာ ပြောင်းလုပ်ခဲ့ကြတယ်။ မြို့လယ်မှာ လုပ်သလောက် မစည်ကားခဲ့ပါဘူး။ အခုတော့ တောင်ကြီးတက္ကသိုလ်ဘက် ဂေါက်ကွင်းနားက စူဌာမုနိ ဘုရားနားမှာ လုပ်ကြတယ်။ တောင်ကြီးမြို့ကလည်း တနှစ်ထက် တနှစ် ပိုချမ်းလာလို့လား မသိဘူး.. ပွဲဈေးတန်းမှာ ဘီယာဆိုင်တွေ ပိုပို ပေါလာတယ်။ အကောင်စုံ မီးပုံးပျံတွေ လုပ်လာကြလို့လား မသိဘူး... ပွဲဈေး တန်းမှာလည်း လေးကောင်၊ ခြောက်ကောင်၊ သုံးဆယ့်ခြောက်ကောင် အကောင်မျိုးစုံတွေ ပိုများလာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ရိုးရာဓလေ့၊ ရိုးရာ အစားအစာတွေ၊ မီးပုံးပျံတွေနဲ့ တောင်ကြီး တန်ဆောင်တိုင်ဟာ အရောင်စုံပြီး ရှမ်းမလေးတစ်ယောက်လို့ လှသွေးကြွယ်နေဆဲပါပဲ။ အခွင့်အခါကြုံခဲ့ရင် တစ်ခေါက်တစ်ခါတော့ တောင်ကြီး တန်ဆောင်တိုင်ကို အရောက်သွားခဲ့ကြပါဦးလို့......။


3 comments:

khine zaw said...

sat yae: par
....................

khine zaw said...

တော်လိုက်တာ ..........


bel dot pyan lar mhar lel

always wait nay par tel
KZLM

May Burma said...

ကျေးဇူးတင်ပါတယ်

တောင်ကြီးကိုအမှတ်တရ