Wednesday, September 19, 2007

အင်းလေးကန် - ၂

ညောင်ရွှေချိုင့်ဝှမ်းနှင့် အင်းလေးအင်းကြီး၏ ယဉ်ကျေးမှုသည် နှစ်ထောင်ချီရှိနေသည့် အစားထိုးမရသော သမိုင်းဝင် အဖိုးတန်ရတနာတစ်ခုဖြစ်၍ နေပါသည်။

မည်သည့်လူမျိုးများ မျိုးနွယ်စုများ စတင်၍ အခြေချနေထိုင်သည်ကို ပြန်ဆန်းစစ်ကြည့်ပါက အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည် ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည်ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦး လာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍ နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည် ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမ တို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန် ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး ရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။

အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ ပအိုဝ်းများ စုပေါင်းညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှု ပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခု တိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။

အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မား လှပေသည်။ ရေတွင် နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ ရောင်းချ နိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။ လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီ ဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။ စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည် ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာ ဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊ စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသော နေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက် ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေး၏ ကံကြမ္မာ
လူသားနှင့် သဘာဝတောတောင်ရေမြေ တို့၏ ပဋိပက္ခကား ကမ္ဘာနှင့် အ၀ှမ်းကြုံတွေ့နေရသော အဆုံးမသတ်နိုင်သည့် အားပြိုင်မှုဖြစ်သည်။ အင်းလေးကန် နှင့် ၄င်း၏ ပတ်ဝန်းကျင်သည်လည်း လူသားတို့ ဖန်တီးနေသော ဘေးအန္တရာယ် အောက်ရောက်နေသည်ဟုဆိုလျင် မမှားနိုင်ပေ။ ဟိုယခင်ရှေးခတ်၌ အင်းလေးဒေသ ၀န်းကျင်တွင် လူနေအိမ်ခြေ နည်းပါးကာ ရေခြံများ ကျွန်းမျောစိုက်ခင်းများ မထွန်းကား သေးပေ။ ဘေးဘယ်ညာနှင့် မြောက်ဖက်မှ စီးဝင်သော ရေချောင်းရေမြောင်းများသည် သစ်တော သစ်ပင် ထူထပ် ၍ ရေစီးရေလာအားကောင်းသည်။ သစ်မြစ်များသစ်ပင်များကြောင့် နှုန်းပါဝင်မှု အားနည်းနည့်အတွက် ရေချောင်းများကြည်လင် ၍ အင်းလေးကန်ကြီး သို့ ရေ စီးဝင်မှုအားကောင်းခဲ့သည်။

၁၉၁၅ ခုနှစ်ခန့်တွင် ညောင်ရွှေမြို့ မှ ကျီးဖြူကန် သို့ ကျီးဖြူချောင်းဖြင့် ရေလမ်းဖောက်ခဲ့သည်မှာ ကျီးဖြူကန်မှ နမ့်ပန်ရွာ အထိဖြစ်သည်။ ကျီးဖြူကန်ကို ဆည်တည်ဆောက်၍ အပြီးတွင် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ညောင်ရွှေမှ ကျီးဖြူကန် ချောင်းအတိုင်း ဆွဲလှေများဖြင့် စော်ဘွားကြီး၏ စီးတော်လှေကို ဆွဲကာ ကန်ဖွင့်ပွဲ ကျင်းပခဲ့သည်။ ကျီးဖြူကန်၌ ပြိုင်လှေ ၂၄ စင်းပါဝင်သော လှေ ပြိုင်ပွဲကျင်းပခဲ့ကြောင်း လည်း မှတ်သားရပါသည်။

အင်းလေးကန်၏ ကန်ဘောင်ရိုးသဖွယ် ညောင်ရွှေမြို့နယ် အရှေ့နှင့် အနောက် ၊ တောင်နှင့်မြောက် တောင်တန်းကြီးများက စီတန်းကာရံလျက် ရှိပါသည်။ ကန်ကြီးအတွင်း သို့ စီးဝင်သော ချောင်းမြောင်း များမှလည်း အလွန်များပြားလှသည်။ ထိုချောင်းမြောင်းများမှ ရေနှင့် နုန်းမြေနုများ ၊ မြေဆီမြေသြဇာများကို ပေးဝေခြင်းဖြင့် လူထုကို အကျိုးပြု၏။ သို့သော် တောင်တန်းများ၌ သစ်ပင်သစ်တောများ နည်းပါးလာသည့်အတွက် မြေဆီမြေသြဇာကင်းမဲ့သော မြေနီမြေစေးများသည် အင်းလေးကန်ကြီးနှင့် လူထု အကျိုးပြုခြင်းထက် တိမ်ကောပပျောက်ရန် အတွက်သာ ဖြစ်လာတော့သည်။

ဆက်ရန်.................