Wednesday, October 31, 2007

တန်ဆောင်တိုင် အမှတ်တရ (ဇာတ်သိမ်း)

ဇာတ်လမ်းကို ပြန်ဆက်ရမယ် ဆိုရင်တော့ ဆူပါဂလူး လိုပါတယ်…ဒီလိုနဲ့ အက်တမင်က စကပ်ပါတယ်…ဆိုင်ဖွင့်ရင် မြတ်ဖို့က အဓိက ကျသည်လေ။ ဒါကြောင့်အက်တမင်က မနေနေ…တွက်ပါအုံးဗျ..မြတ်ပမလား…မြတ်မှဖြစ်မှာနော်…ဆိုပြီး အားကိုးတကြီး တွက်ခိုင်းပါသည်။ သူမကလည်း ပါးစပ်ကနေတတွတ်တွတ်ရွတ်ပြီး ကတ်ကူလေတာ တစ်လုံးကိုင်ကာ တွက်ပါသည်။ နောက်ဆုံးတွက်ချက်ပြီးတော့ အက်တမင် မရှုံးရင် အမြတ်ပဲတဲ့..ကျွန်မသေချာပြောရဲတယ်တဲ့…ကျွန်မ ဒီစာရင်းအင်းပညာနဲ့လုပ်စားနေတာ ကြာပြီတဲ့..ဆက်ပြောတယ်လေ။ ကျွန်တော်ထ အော်လိုက်ချင်ပါသည်။

ကျွန်တော်တို့ အကင်နဲ့ ဘီယာ ဆိုင်ဖွင့်ချင်တဲ့ အကြောင်းကလည်း ရှိပါသည်။ အက်တမင် ငန်းကြောထနေလို့ မမြင်မိတဲ့ ဟာကို ကျွန်တော်တို့က သတိပြုမိလို့လေ။ အဲဒါမှန်မမှန် သိချင်စိတ်နဲ့

သူတို့ရဲ့ နောက်ကြောင်းကို လိုက်လိုက်တော့ တော်တော်လှတယ်…အာ..မှားလို့ သိလိုက်ရတာက ၃၆ ..ဟာ မှားပြန်ပြီ… စိုင်းစိုင်းရဲ့" ဖုတ်လှိုက်ဖုတ်လှိုက် " သီချင်းကို စွဲနေမိလို့… စာသားက "၃၄ ၂၄ ၃၆ အလှအပအရပ်အမြင့်က ၅ ပေ ၆ " ဆိုလားပဲ…အဲဒါလည်းအပြီး ပြန်ဖျက်မလို့လုပ်တော့ ကော်ရရှင်ပန် က မရှိတော့ဘူးလေ…အဟီး ။ နံပါတ်တွေကို ပြောချင်တာနဲ့တိုက်ဆိုင်သွားလို့….ဒိတ်က (၂.၇.၂၀၀၇) လေ။ ဒီလိုနဲ့ပဲ ….အမှန်တော့ မသဉ္ဖာ ရဲ့ ဟင်းထုပ် က အကြံအဖန်ဆိုတာပဲဆိုတာ သိလိုက်ရတယ်လေ… အက်တမင်က တင်တင်ချင်း စားချင်တာနဲ့ ဘာမှ မမြင်နိုင်ဖြစ်သွားတာ…စားဖို့ပဲ ငန်းနေတာလေ…အခုတော့ ဒါလေးက ကျွန်တော်တို့ အတွက် အခွင့်ကောင်းလေးပေါ့။

ဒါကိုသိသော ကိုကျော်စွာက ထလိုက်ပါသည်။ ကျွန်တော်တို့က ကိုကျော်စွာ ဘာပြောမလဲပေါ့..ကြည့်တုန်း ပြန်ထိုင်သည်။ အဲဒီမှာ အက်တမင်က ကိုကျော်စွာ ဘာပြောစရာရှိလို့လဲ…. ပြောလေလို့မေးတော့…ကျွန်တော်ညောင်းလို့ ထရပ်တာတဲ့လေ။ အက်တမင်ရဲ့ မျက်နှာ တော်တော်တင်းသွားသည်။ မလေးမစားလုပ်တယ်ပေါ့..သူ့လို လူကြီးတစ်ယောက်ကို ဒင်းတော့ တွေ့အုံးမယ်ဆိုတဲ့ မျက်နှာနဲ့ ကြည့်လိုက်တာကို တွေ့လိုက်ရသည်…သိပ်မကြာပါဘူး…ထရပ်ပြန်ပါသည်။ ဒီတစ်ခါ အက်တမင်က ကိုကျော်စွာ ညောင်းလို့ပဲလားမေးတော့ ဒီတခါတော့ အတည်ပါ…အက်တမင်ကို လေးစားပြီးသားပါ..ငါးကတော့ လျော်တယ်။ ခြောက်ကပြန်တယ် တဲ့။ ဆက်ပြောပါသည်။ ဒီတစ်ခါလည်း အကြွေးပဲလားတဲ့….အက်တမင့် မျက်နှာသေးသေးသွားလိုက်တာများ မပြောပါနဲ့တော့ ။ တစ်နေ့က မသာအိမ်မှာ အက်တမင်ကြီး အကြွေးတင်ခဲ့တာလေ…အဲဒါကြောင့်ပြောတာလို့ အကြောင်းသိသူတစ်ယောက်က လေသံတိုးတိုးလေး ထွက်ပြီးသတင်းပေးသည်။

အဲဒီမှာပဲ ကိုကျော်စွာက ကျွန်တော် တင် ပြချင်တာကတော့ ဆိုပြီး ပုဆိုးကို ပြင်ဝတ်လိုက်သည်။ သူလည်း ၃၆ လားပေါ့..အဟီး..ဆက်ပြောတာကတော့ … ကျွန်တော်က တော့ အကင်နဲ့ ဘီယာ ဆိုင်ဖွင့်ချင်တယ် အက်တမင်…မသဉ္ဖာတို့ ဆိုင်ရောင်းတာလည်း ရောင်းပေါ့…တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ကျွန်တော်တို့ ဆိုင်မှာ သောက်ပြီးရင် သူတို့ဆိုင်ကို ကူးလို့ရတာပေါ့…ဒါကိုလည်း စဉ်းစားမိလို့ပါ။ ပြီးတော့ ဆောင်းတွင်း ဆိုတော့ ဒါလေးတွေက လိုတယ်လေဆိုပြီး လက်မကို ပါးစပ်ထဲ ထည့်ပြပါတယ်။ အားပါသွား၍ထင်သည်။အရှိန်လွန်ပြီး အာခေါင်ကို ထိသည်။ ဝေါ့ကနဲ ဖြစ်သွားသည်။ (နဲတောင်နဲသေးတယ်…လာပြီး စတိုင်လာပေးနေတာကိုး ) နောက်ကျွန်တော်စဉ်းစားမိတာက အွန်လိုင်းကနေပြီးတော့ လည်း အကြံဥာဏ်တောင်းမယ်လို့ အကြံပေးပါတယ်။ ဒါကလည်း တောင်ကြီးချယ်ရီဟာ အဝေးရောက် ချယ်ရီကို ချစ်သောသူများနဲ့လည်း သက်ဆိုင်တယ်ဆိုတဲ့ သဘောပါ ဆိုပြီး အများနဲ့ ကိုင်တုတ်လိုက်ပါသေးတယ်။

"ဟာ….ဘီယာ၊ အကင်ရောင်းရင် မကောင်းဘူးထင်တယ်….အဲလိုရောင်းရင် ပြဿနာတက်နိုင်တာပေါ့…အမူးသမားတွေနဲ့တရုန်းရုန်းဆိုတော့ …ကျွန်မတို့က မိန်းကလေးတွေလေ…ဘယ်ကောင်းပမလဲ " ဆိုပြီး ကန့်ကွက်မဲပေးပါသည်။ ထပြောသူကတော့ အဒူလဲသိလား….ရေခဲတုံးကြီး မအေးမိစံပါ။ အားလုံးအံ့အားသင့်သွားသည်။ ပါးစပ်တွေ အဟောင်းသားဖြစ်သွားသည်။ တခန်းလုံး တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူကတော့…ဘူ….တဲ့။ အသံလာတဲ့ ဘက်ကို ခန့်မှန်းပြီး အားလုံး ၀ိုင်းကြည့်ကြသည်။ အဟင့်…အဟင့် ဆိုပြီး အသံလေးထွက်လာသည်။ သူလို့ထင်ပြီး ၀ိုင်းကြည့်လို့ ရှက်၍ထင်သည်။ သမီး မဟုတ်ဘူးနော်လို့ ငြင်းရှာသည်။ ကြည့်လိုက်တော့ ချိုချိုမွှေးမွှေးလေးပေါ့။ အခုတော့ ချိုချို နံနံလေးလို့ နာမည်ပြောင်းလိုက်ပြီ လို့ ..စိတ်ထဲကနေကြိတ်ပြောမိသည်။

နံတာကတော့ တော်တော်နံတယ်ဗျ….ခုနှစ်ရက်လောက် ဓညင်းသီးတွေ ၊ ဆူးပုတ်တွေ ၊ ငါးပိရည်ကျိုတွေ စားပြီး ခုနှစ်ရက်လောက် ၀မ်းချုပ်ပြီး မအောင့်နိုင်မအီးနိုင် ထွက်လာတဲ့ အနံပါ…မယုံမရှိပါနဲ့….လို့ အီးသုတေသနနဲ့ မာစတာဘွဲ့ရခဲ့သ (လက်ရှိအလုပ်အကိုင် - မြို့နယ်စည်ပင်ရဲ့ မိန်လာပြုပြင်ထိန်းသိမ်းရေး အထွေထွေ အတွင်းရေးမှူး) ကိုအောင်မိန်းက ဆိုင်းမဆင့် ဘုံမဆင့် ပြောပါတယ်။ ပြောတဲ့သူတွေကလည်း အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ပြောတော့

ကျွန်တော်တို့မှာ ကောင်မလေးတော်တော်ရှက်သွားမှာပဲဆိုပြီး ကရုဏာ စိတ်တွေတောင် ပေါ်လိုက်သေးသည်။ ပြောတဲ့သူကလည်း ထိုကိစ္စနဲ့ပါတ်သတ်ပြီး ဆိုးဆိုးဝါးဝါးရာဇ၀င်ရှိပုံရပါသည်။ အဆိုးဆုံးကတော့ ကိုချမ်းပေါ့…ကျွန်တော်ပါဆိုပြီး ထပြောတယ်လေ….ဟီးရိုးပေါ့…ကောင်မလေးက အားကိုးတဲ့ မျက်လုံးလေးတွေ့နဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရပါသည်။ ဒါကတော့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့…။

အကင်ဆိုင်ဖွင့်ချင်တဲ့ သူရယ်၊ ရိုးရာအစားအစာ ဆိုင်ဖွင့်ချင်တဲ့ သူရယ် ပေါ်လာတော့ အက်တမင် စဉ်းစားရကြပ်ပြီပေါ့။ အကင်ဆိုင်ဖွင့်တာကိုငြင်းရင်လည်း ခွက်ပုန်းခုန်သူ အက်တမင်က သူစားပေါက်ပျောက်သွားမှာကို သိတယ်လေ။ ကိုကျော်စွာကလည်း ဗူးဆိုရင် ဖရုံမသီးတဲ့ လူမျိုးကိုး။ ဟိုဆိုင်ကို မဖွင့်ပါနဲ့ ပြောရင်လည်း သူကြိတ်သဘောကျနေသော ကောင်မလေးနဲ့ဝေးပြီလေ။ အဒူလေးလဲ ဆိုတော့ ….မပြောတော့ပါဘူးလေ…ညီမလေးတွေနဲ့ မမများ ရင်ခုန်ကြပေါ့နော့်။ အဟဲ။ သတိတော့ထားဗျို့ …အက်တမင်ရဲ့ နောက်ကြောင်းက မကောင်းဘူး…၄၀ ဆိုလားပဲ..အဟဲ။

နောက် အွန်လိုင်းက အကြံပေးချက်တွေကလည်း နှစ်ဆိုင်လုံးဖွင့်တာကို သဘောကျတယ်တဲ့လေ။ နောက်ဆုံးတော့ ဆိုင်နှစ်ဆိုင်လုံးဖွင့်မယ်လို့ အက်တမင်က မချချင် ချချင်သလိုလုပ်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အားလုံးလဲ ကျေနပ်သွားကြပါတယ်…. ဒီလိုနဲ့ ကျွန်တော်တို့ ရဲ့မီတင်လေး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်….

မီတင်ပြီးလို့ လမ်းခွဲကြတော့ ကိုကျော်စွာ သွားရအောင်လို့ အဖော်ညှိတော့ သူက ဘယ်လဲလို့မေးပါတယ် ။ထုံးစံအတိုင်းပဲပေါ့ လို့ပြောတော့ ဟာ…ကောင်းတယ်..ကောင်းတယ်တဲ့…ရာသီဥတုကလည်း အားကစားသမားတွေ အကြိုက်ပဲတဲ့။ သိပ်မပြောရပါလား ကိုကျော်စွာရယ်။

လေအေးအေးလေးတွေကတော့ ကျွန်တော်တို့ကို ကျီစယ်လို့ပေါ့။ မင်းလမ်းတစ်လျှောက် လမ်းလျှောက်ပြန်ခဲ့ကြသည်။ ဆိုင်က အပြန်မှာတော့……..ကြယ်တွေက လင်းလက်ပြီး တိမ်တွေက စိမ်ပြေးတမ်းကစားနေပါသည်။ သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မှာ မို့လို့လားမသိဘူး လပေါ်မှာလည်း အဖိုးက ဆန်တွေ မနားတမ်းဖွတ်နေတယ်။ ရောက်တက်ရာရာ အတွေးများကို တွေးနေစဉ်မှာပဲ….

"တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့် …

ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ်…

ချယ်ရီတွေရယ်ဧည့်ဝတ်မပျက်ပါဘူးကွဲ့ အချစ်ရယ်…"

ဆွေးဆွေးမြေ့မြေ့ ဆွဲဆွဲငင်ငင် အသံသေး အသံကြောင်နဲ့ သီချင်းထဆိုပါသည်။ ရုတ်တရက်ဆိုတော့ တော်တော်လန့်သွားသည်။ နောက်တော့ ကျွန်တော်က မသိမသာ အေးလိုက်တာ နားရွက်တွေကလဲ…. ဆိုပြီး လက်နှင့်အုပ်လိုက်သည်။ ဟောင်နေသော ခွေးများပင်လျှင် မှင်သက်ငေးမောသွားကြသည် ထင်ပါသည်။ အားလုံးတိတ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး။ သူကတော့ သူ့ဖီလင်နှင့်သူ မျက်စိကြီး မှိတ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ဆက်ဆိုလျက်။

**********************

"တန်ဆောင်တိုင်ကြီး ပြီးသွား၍ စာရင်းချုပ်သော အခါ ၀က်ဝက်ကွဲ မမြတ်ပါ။ ရှုံးပါသည်။ အမေ့နားကပ်လေး ပေါင်ထားတာတော့ ရွေးနိုင်တော့မည် မထင်ပါ။ ဆိုင်ဖွင့်ရင်ကောင်းမယ်ဆိုပြီး မီတင်စတင်ခဲ့သော အက်တမင် ကိုပဲ စိတ်ဆိုးရမလား။ အစားအသောက်အတွက် ကျွန်မတို့တာဝန်ယူတယ်…ကျွန်မတို့လက်ရာက ဘလော့ထဲမှာ မြင်တာနဲ့ စားချင်စရာပဲမဟုတ်လား လို့ပြောကာ တာဝန်ယူခဲ့သော မမဘလောကာများကိုပဲ စိတ်ဆိုးရမလား။ ဧည့်ကြိုမမ ဧည့်ကြိုတာဝန်ယူတယ်ဆိုပြီး ပဲပေးနေတာ ကိုပဲ အပြစ်တင်ရမလား။ အဖေတစ်ခွက် သားတစ်ခွက် ဆိုပြီး အားပေးသူတစ်ခွက် ဆိုင်ရှင်တစ်ခွက် သောက်မိခဲ့ကြသော အချင်းအချင်းကိုပဲ အပြစ်တင်ရမလား"

ဖွ..လွဲပါစေ …ဖယ်ပါစေ ဆိုပြီး ထအော်မိကာ အိပ်ယာမှ လန့်နိုးလာပါသည်…..ထိုအခါမှ ဟင်းကနဲ သက်ပြင်းချနိုင်ပါသည်။ ငါအိမ်မက်မက်နေတာပဲလို့သိလိုက်ရသည်။

****************************

အင်မှန်းသိသွားတာကို မခံချင်၍ မမများအုပ်စုက အင်းသားရိုးရာ အစားအစာ ချက်နည်းများကို ရက်တိုသင်တန်းတက်ကာ နေ့မအား ညမနား သင်ကြားနေကြောင်း သတင်းသဲ့သဲ့ရပါသည်။ တဖြည်းဖြည့်နှင့် လက်ရာ တိုးတက်မှု ရှိလာကြောင်းကိုလည်း သိရသည်။ မခံချင်စိတ်နဲ့ ကြိုးစားနေကြသော မမများကို ကြည့်ပြီး ၀မ်းသာရသည်။

ဒီလိုနဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးကို ရောက်ရှိလာပါတော့သည်။

အက်တမင် ထင်တဲ့ အတိုင်းပင် တောင်ကြီးချယ်ရီ ဆိုင်လေးမှာ အားပေးသူများနှင့် စည်ကားလှပါသည်။

အွန်လိုင်းပေါ်ကရော…လက်တွေ့မှာပါ စည်ကားလှပါသည်။ အွန်လိုင်းပေါ်ကနေလည်း အော်ဒါများက မပြတ်ပါ…ဒီလိုရောင်းတာ ဒီတစ်ခါပဲ ရှိသေးတာကိုး…အွန်လိုင်းမှာ ရောင်းသူနှစ်ယောက်ကိုတော့ လူဌားရပါသည်။ သူတို့ကတော့ အွန်လိုင်းမှာ ချက်တာများဟု နာမည်ကြီးနေသူများပါ။ နစ် ပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ ချက်ခဲ့ပေမယ့် ဒီတစ်ခါတော့ သူတို့ရဲ့ ရာဇ၀င်မှာ အမည်းစက်ထင်သွားပါသည်။ ဘာလို့လဲဆိုတော့ လက်ကြွက်တက်၍ ဖြစ်ပါသည်။ ဘေးမှာတော့ ပရုတ်ဆီပုလင်း ကိုယ်စီနဲ့ပေါ့။ တောင်ကြီးချယ်ရီနဲ့တွေ့မှ သူတို့နာမည်ပျက်တယ်ဆိုပြီး အသားရေဖျက်မှုနဲ့ တရားစွဲမယ်လုပ်နေလို့ မနည်းတောင်းပန်ထားရသေးသည်။ မီဒီယာတွေကလည်းကောင်း ..လက်ရာတွေကလည်း ကောင်းဆိုတော့ အောင်မြင်တာမဆန်းပါဘူးနော့်….။

ဆိုင်ရဲ့ ဆိုင်းပုဒ်လေးကလည်း ကဗျာဆန်ပါသည်။ အများနဲ့မတူ တမူထူးခြားပါသေးသည်။ "ချယ်ရီကိုသာ ပန်ပါ" တဲ့ ။ မမတို့မှာလည်း လက်မလည်ရရှာပါ။ (ယားလို့ ကုတ်ချင်ပေမယ့် လက်မအားသောကြောင့် ယားတဲ့နေရာကို မှတ်ထားကာ လက်အားမှ ကုတ်ရရှာပါသည် ) ရောင်းရုံနဲ့ မပြီးပါ။ လစ်လိုက်တာနဲ့ မိတ်ဆက်ဖို့ ချောင်းနေသော စာဖတ်ပရိတ်သတ်များက မိတ်ဆက်ကြပါသည်။ ကျွန်တော်တို့ ဆိုင်မှာ သောက်ပြီး ဗိုက်ကလေး ဆာလာပြီဆိုလျှင် ဟိုဘက်ကို ကူးလိုက်ယုံပဲလေ။ ဆက်ဆံရေးကလည်း ကောင်းသလို လက်ရာကလည်း အလွန်ကောင်းသောကြောင့် လူမပြတ်ပါ။ တစ်ရက်ပြီး တစ်ရက် အမြတ်ကို တွက်ကြတော့ ၄ဆ၊၅ဆ လောက်ကို မြတ်ပါသည်။ မီးပုံးပျံတစ်လုံးတက်သွားတိုင်း အောင်မြင်မှုအတွက် ခွက်တိုက်ရတာကလည်း အမော…..အဟဲ။

ပွဲတော်ရက်အတွင်း ထူးခြားတာတစ်ခုကတော့ ချယ်ရီမြေရဲ့အမှတ်တရ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် အစပြုခဲ့တာပဲလေ…ကျွန်တော်အတန်တန်တားတဲ့ ကြားက အချစ်စိတ်တွေ ယိုဖိတ်လို့ အလည်ရောက်လာတဲ့ မြေပြန့်သူလေးတစ်ယောက်ကို ချစ်မိတဲ့ သူကတော့ မျက်နှာရူးကြီး ကိုကျော်စွာပါ။ စတွေ့ပုံလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပါသည်။

လာတာကတော့ ကျွန်တော်တို့ ဆိုင်ကိုလာတာမဟုတ်ပါဘူး….မမများကို လာအားပေးတာပါ…စုံစမ်းကြည့်တော့ လာလည်တယ်လို့သိရပါသည်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ မင်းသားက သဘောတော်ခွေ့သွားတာပါ…တော်ကောက်တော်မူချင်ပေမယ့်လည်း ပါပါက ဘုရင်မဟုတ်တော့ လုပ်လို့မရဘူးလေ။ ဒါကြောင့် ကိုယ်စွမ်းရှိသလောက် ကြိုးစားရပြီပေါ့။ ဒီတစ်ခါမှ မစွံရင်လည်း ဒီတသက် မိန်းမရကိန်းမမြင်ပါ။ ဒါကိုသိသော ကျွန်တော်တို့ ဒီတစ်ခါများ စွံလေမလားဆိုပြီး အားလုံးက သူ့ကို ၀ိုင်းအားပေးကြပါသည်။ ပင့်ပေးတယ်လို့ ပြောရင် ပိုမှန်မလားမသိဘူး။

အက်တမင်။ ။ ကောင်မလေးက မဆိုးဘူးနော်…မျိုးကောင်းလေးထင်တယ်။ ဒေါင်းမျိုးလေးဟ ...အတွေးမမှားနဲ့ …ကိုယ့်လူ…အားပေးတယ်တဲ့..ဦးစွာ အားပေးအားမြှောက်ပြုပါသည်။

ကိုရဲ ။ ကြိုးစားကြည့်ပေါ့ဗျာ…ကျွန်တော်ကတော့ မထင်….ဆိုပြီး အားပေးစကားဆိုပါသည်။

ကိုအောင်မိန်း။ ။ ကျွန်တော့်ဘေးက ဖြတ်လျှောက်သွားတော့ အနံလေးကတော့ သင်းနေတာပဲ… အီးခိုးတော့ မပေါက်တတ်လောက်ဘူး…အားပေးတယ် ..တဲ့။

ကိုချမ်း။ ။ အင်းမလုပ်..အဲမလုပ်…ကိုကျော်စွာက ကြေငြာလိုက်တော့ ငါးရံ့ နှစ်ကောင် မဖမ်းရတော့ဘူးဆိုတဲ့ မျက်နှာနှင့် ။

ကိုဇေယျာ။ ။ ကျွန်တော့်မှာ သီချင်းကောင်းကောင်းလေးတွေ ရှိတယ်။ သီချင်းလိုက်ဆိုပေးစရာ လိုရင်ပြော…အချိန်မရွေးတဲ့။

ကျွန်တော်။ …..စိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းတယ် ဆိုတဲ့ စကားပုံကို စဉ်းစားနေသည်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူဖြစ်ချင်ရာကို တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ အနေအထားနဲ့ပေါ့။

အမျိုးသမီးများ အဖွဲ့ကလည်း ၀ိုင်းပြီး မပါသေးသည်။

မနေနေ။ ။ ကျော်စွာ…ကောင်မလေးက နင့်ကို စိတ်ဝင်စားပုံပေါ်ပါတယ်ဟ..ငါတို့က မိန်းကလေးချင်းမို့သိတယ်တဲ့။ ငါ့တုန်းကလည်း ဒီလိုပဲ အထာပေးခဲ့ရတာတဲ့လေ (သူ့အထာပေးကောင်းလို့ အခုထိ အပျိုကြီး ဖြစ်နေတာလေ)

မသဉ္ဖာ။ ။ ငါလုပ်တဲ့ ဟင်းထုပ်ကို တော်တော်အားပေးသွားတာ…နင်နဲ့လိုက်ပါတယ်။ ငါ့လက်ရာကို နင်နဲ့ သူပဲ ကောင်းတယ်ပြောတာတဲ့ ..ကောင်းရော။

မနိုင်းနိုင်း။ ။ ငါလည်း အားပေးတယ်…ဆိုင်ကို ရောက်ရောက်ချင်းပဲ.. အစ်မက အရမ်းလှတာပဲ…ဘလော့ထဲမှာ ထက် အပြင်မှာက ပိုလှတယ်လို့ ပြောသွားတာ…ငါလည်း သူနဲ့ဆိုအားပေးတယ်တဲ့။

ကုမုဒြာ။ ။ အစ်ကိုက လူချောပဲ…စိတ်ထဲကတော့( ငါးရှဥ့်နဲ့ အမျိုးတော်တာကိုး )။ သဘောကောင်း မနောကောင်းလေးပဲ ။ ဟိုအစ်မက အစ်ကို့ကို မကြိုက်ဘူးဆိုရင်တောင် ခင်မင်ခွင့်လောက်တော့ ပေးမှာပါ။ ပါးကောင်းတယ်ဟုတ် မလား…ဆိုတော့ က..ကိုကျော်စွာက အယောင်ယောင် အမှားမှားနှင့် ပါးကို ကိုင်လိုက်ပါသည်။

ကိုကျော်စွာကို ကြည့်ရသည်မှာ အသဲအသန်ဂဲ မှန်နေပါသည်။ မျက်နှာတွေကလည်း ယောင်လို့ ကိုင်းလို့( အမှန်ကတော့ ညက လွန်ပြီး မြောင်းထဲ ပြုတ်ကျတာ..ကျွန်တော်က သိသိကြီးနဲ့ အဲလမ်းလေးက ဖြူးတယ်ဆိုပြီး နောက်လိုက်တာ ဆရာက တသွေမတိမ်း လျှောက်သွားသည်လေ)။ အားပေးတဲ့ သူတွေကလည်း အားပေးကြတော့ သူ့ခမျာ အ၇မ်းကို စိတ်အားထက်သန်လျက်ရှိပါသည်။ ၀ါရင့် လူပျိုသိုးကြီးများထံတွင် အကြံဥာဏ်ကောင်း ရဖို့အရေး အမျိုးမျိုး ပူဇော်ပသရ ၊ အပျိုကြီး မမများထံတွင်လည်း အခြေအနေကောင်းပမလားဆိုပြီး မေးရ၊ မြန်းရနှင့် ဗျာများနေသည်မှာ သနားဖို့အရမ်းကောင်းပါသည်။

ဒါပေမယ့်ဗျာ….ကျွန်တော် ဆက်မရေးချင်တော့ဘူး…ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းကို ခင်ဗျားတို့လည်း သိနေလောက်ရောပေါ့နော်။ ကျွန်တော်လေ…သူ့အစား အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်…သူဘယ်လို ကြိုးစားခဲ့တာ…ကောင်မလေး သူ့ကို ပြန်စိတ်ဝင်စားအောင်လုပ်၇တာ တွေကို မြင်နေရတော့ ပိုဆိုးတာပေါ့ဗျာ…ကျွန်တော်သာဆို ပြန်ကြိုက်လိုက်ပါတယ် …ကောင်မလေးနေရာမှာဆိုရင်လေ(ရေးသာရေးရတယ်…ဖင်တော့ ကြိမ်းတယ်..အဟဲ..သူ့ကိုဖြစ်စေချင်လွန်းလို့ပါဗျာ) ။ ဒါပေမယ့်လည်းဗျာ ..ဘယ်တတ်နိုင်မလဲ…ဖူးစာ ဆိုတာလည်း ရှိသေးတာကိုး…ဆိုပြီး ဖြေသိမ့်စကား ပြောရတာပေါ့လေ။ နောက်ပြီး တောင်ကြီးသားတွေ သိက္ခာကျအောင် လုပ်တဲ့ အတွက်လည်း စိတ်ဆိုးချင်တယ်။ အဟဲ ..ကျွန်တော်တုန်းကဆိုရင်…..မပြောတော့ပါဘူး…ကြော်ငြာဝင်တယ် ထင်မှာ စိုးလို့။

ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့ အတွေး သက်သက်သာ ဖြစ်သွားခဲ့တာပါ။ အခြေအနေအားလုံးကို ၁၈၀ ဒီဂရီပြောင်းအောင် လုပ်နိုင်တာကတော့ ဇာတ်လိုက်ကြီးပါပဲ။ ကောင်မလေးကလည်း သူ့ကို စိတ်ဝင်စားခဲ့ပါတယ်။ မူတာပေါ့ဗျာ…မိန်းမတို့သဘာဝအတိုင်း ….သိတယ်မလား..ခင်ဗျားတို့လည်း ကြုံဖူးကြမှာပါ။ ကြာကြာတော့ မမူနိုင်ပါဘူး…အခြေအနေကမပေးတော့ဘူးလေ.. သူနဲ့ စိမ်းဘက်ရှ် တွေအားလုံးက ကလေးတွေ ကိုယ်စီနဲ့ ဖြစ်နေကြပြီလေ။ စာရင်းက နောက်ဝါကျွတ်ရင် ပိတ်ပြီ..ဒါနဲ့ ကောင်မလေးက ကိုကျော်စွာကို မေးခွန်းလေး တွေ မေးမယ်.. ဖြေနိုင်ရင် သူ့ရဲ့ အချစ်ကို ရမယ် ဆိုပြီး ဆိုတယ်တဲ့။ သူမရဲ့ မေးခွန်းလေးတွေကို ဇာတ်လိုက်ကြီးက ဖြေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး ရင်တထိတ်ထိတ်နဲ့ သူတို့ကို ကြည့်နေကြပါသည်။ ကောင်မလေးကလည်း အားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်း ဖြစ်စေချင်လို့ပါပြောတော့ ကျွန်တော်တို့အားလုံးရဲ့ အလယ်မှာ သူတို့နှစ်ယောက် အမေးအဖြေ လုပ်ကြတာပေါ့။

မင်းသမီး။ ။ ရှင် ကျွန်မကို အရမ်းချစ်တာ ပဲလား?

မင်းသား။ ။ အရမ်းချစ်တာပေါ့

မင်းသမီး။ ။ ဒါဆို ကျွန်မအတွက်ဆို ရှင်သေမလား?

ကျွန်တော်တို့ အားလုံး ကိုကျော်စွာ ဘာဖြေမလဲ ဆိုတာကို ရင်တမမနဲ့ နားစွင့်နေကြသည်။

သေမှာပေါ့….အင်းလို့ ပြောလိုက်လေ..ဒီကောင် ဒါလေးဖြေတာများကွာ..နေရာချင်းလဲလိုက်ချင်တယ်…ဆိုပြီး သူ့အစား စိတ်ထဲကနေ ၀င်ဖြေပေးမိနေပါသည်။ ကိုယ်ခန္ဓာ ကြီးသလောက် အသဲနုသော မနေနေကလည်း ရင်ဘတ်ကို ဖိလို့ပေါ့…ကဲ မင်းသားက ဘာဖြေလဲ ဆိုတော့ …..

မင်းသား။ ။ ဟာ..ဘယ်သေမလဲ…ကျွန်တော့် အချစ်က မသေတဲ့ အချစ်လေ တဲ့။

ကျွန်တော်တို့ အားလုံးက သွားပါပြီကွာ ဆိုပြီး ဟာ…ကနဲ ပါးစပ်က အသံတွေ ထွက်လာသည်။ မင်းဘယ်လို ဖြေလိုက်တာလဲ…အင်းလေ နင်ကလည်း ….ဆိုပြီး မချင့်မရဲနဲ့ ၀ိုင်းပြောကြပါသည်။

ဒီအသံတွေကို အဆုံးသတ်စေတာကတော့ " ကျွန်မသူ့ကို အဖြေပေးလိုက်ပါပြီ..သူ့အချစ်ကို လက်ခံတယ်တဲ့"

အမှန်တော့ ဒါလုပ်တယ် ဆိုတာကလည်း ထုံးတမ်းအစဉ်အလာကြောင့်ပါ…မဟုတ်ရင် သူတောင်းကတည်းက ချက်ချင်းကို အဖြေပေးချင်နေတာတဲ့လေဆိုပြီး…သူမကဆက်ပြောပါသည်။ အင်း တတ်လည်း တတ်နိုင်ပါပေ့…ကျွန်တော်တောင် ရူးချင်သလိုလို ဖြစ်သွားသည်။

မောင်လှမျိုးရဲ့ အလွမ်းနဲ့ အဆုံးသတ်ချက်တွေကို မကြိုက်သော ကျွန်တော့်အတွက် တအားပါပဲ…စာဖတ်သူများလည်း ကျွန်တော့်လိုပဲ ဖြစ်စေချင်ကြမှာပါ..ဟုတ်တယ်ဟုတ်…ကဲ…ဘုန်းကြီးရူးနဲ့ လှေလူး ဇာတ်လမ်းလေးကတော့ ဒီမှာ တင် အဆုံးသတ်ပါတယ်ခင်ဗျာ….

****************************

ဒီနှစ်တောင်ကြီးတန်ဆောင်တိုင်ကတော့ ကျွန်တော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါ…..

ကျွန်တော်တို့အားလုံး ပျော်ရွှင်ခဲ့ကြရပါသည်။ အထူးသဖြင့်တော့…ဟိုမျက်နှာရူးပေါ့လေ။ စာရင်းတွေ ချုပ်တော့ မြတ်ပါသည်။ အမြတ်ငွေတွေကိုတော့ အားလုံးနဲ့ တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင်သွားပါမည်။ မကြာခင်မှာ တောင်ကြီးမြို့ရှိ ထိုင်လို့ကောင်းသော ဆိုင်များ ပိုစ့်တွေ တက်လာမည်မှာ မလွဲပါ…အဟီး။ အဲဒီ အချိန်မှာတော့ virtual tour ဆိုပြီး ကိုရဲရဲ့ နှစ်သိမ့်မှုတွေလည်း လာအုံးမှာပါ။

ကဲ အားလုံးပဲ ပြုံးပျော်နိုင်ကြပါစေ။

နေလင်း။