Wednesday, October 31, 2007

တန်ဆောင်တိုင် အမှတ်တရ (ဇာတ်သိမ်း)

ဇာတ်လမ်းကို ပြန်ဆက်ရမယ် ဆိုရင်တော့ ဆူပါဂလူး လိုပါတယ်…ဒီလိုနဲ့ အက်တမင်က စကပ်ပါတယ်…ဆိုင်ဖွင့်ရင် မြတ်ဖို့က အဓိက ကျသည်လေ။ ဒါကြောင့်အက်တမင်က မနေနေ…တွက်ပါအုံးဗျ..မြတ်ပမလား…မြတ်မှဖြစ်မှာနော်…ဆိုပြီး အားကိုးတကြီး တွက်ခိုင်းပါသည်။ သူမကလည်း ပါးစပ်ကနေတတွတ်တွတ်ရွတ်ပြီး ကတ်ကူလေတာ တစ်လုံးကိုင်ကာ တွက်ပါသည်။ နောက်ဆုံးတွက်ချက်ပြီးတော့ အက်တမင် မရှုံးရင် အမြတ်ပဲတဲ့..ကျွန်မသေချာပြောရဲတယ်တဲ့…ကျွန်မ ဒီစာရင်းအင်းပညာနဲ့လုပ်စားနေတာ ကြာပြီတဲ့..ဆက်ပြောတယ်လေ။ ကျွန်တော်ထ အော်လိုက်ချင်ပါသည်။

ကျွန်တော်တို့ အကင်နဲ့ ဘီယာ ဆိုင်ဖွင့်ချင်တဲ့ အကြောင်းကလည်း ရှိပါသည်။ အက်တမင် ငန်းကြောထနေလို့ မမြင်မိတဲ့ ဟာကို ကျွန်တော်တို့က သတိပြုမိလို့လေ။ အဲဒါမှန်မမှန် သိချင်စိတ်နဲ့

သူတို့ရဲ့ နောက်ကြောင်းကို လိုက်လိုက်တော့ တော်တော်လှတယ်…အာ..မှားလို့ သိလိုက်ရတာက ၃၆ ..ဟာ မှားပြန်ပြီ… စိုင်းစိုင်းရဲ့" ဖုတ်လှိုက်ဖုတ်လှိုက် " သီချင်းကို စွဲနေမိလို့… စာသားက "၃၄ ၂၄ ၃၆ အလှအပအရပ်အမြင့်က ၅ ပေ ၆ " ဆိုလားပဲ…အဲဒါလည်းအပြီး ပြန်ဖျက်မလို့လုပ်တော့ ကော်ရရှင်ပန် က မရှိတော့ဘူးလေ…အဟီး ။ နံပါတ်တွေကို ပြောချင်တာနဲ့တိုက်ဆိုင်သွားလို့….ဒိတ်က (၂.၇.၂၀၀၇) လေ။ ဒီလိုနဲ့ပဲ ….အမှန်တော့ မသဉ္ဖာ ရဲ့ ဟင်းထုပ် က အကြံအဖန်ဆိုတာပဲဆိုတာ သိလိုက်ရတယ်လေ… အက်တမင်က တင်တင်ချင်း စားချင်တာနဲ့ ဘာမှ မမြင်နိုင်ဖြစ်သွားတာ…စားဖို့ပဲ ငန်းနေတာလေ…အခုတော့ ဒါလေးက ကျွန်တော်တို့ အတွက် အခွင့်ကောင်းလေးပေါ့။

ဒါကိုသိသော ကိုကျော်စွာက ထလိုက်ပါသည်။ ကျွန်တော်တို့က ကိုကျော်စွာ ဘာပြောမလဲပေါ့..ကြည့်တုန်း ပြန်ထိုင်သည်။ အဲဒီမှာ အက်တမင်က ကိုကျော်စွာ ဘာပြောစရာရှိလို့လဲ…. ပြောလေလို့မေးတော့…ကျွန်တော်ညောင်းလို့ ထရပ်တာတဲ့လေ။ အက်တမင်ရဲ့ မျက်နှာ တော်တော်တင်းသွားသည်။ မလေးမစားလုပ်တယ်ပေါ့..သူ့လို လူကြီးတစ်ယောက်ကို ဒင်းတော့ တွေ့အုံးမယ်ဆိုတဲ့ မျက်နှာနဲ့ ကြည့်လိုက်တာကို တွေ့လိုက်ရသည်…သိပ်မကြာပါဘူး…ထရပ်ပြန်ပါသည်။ ဒီတစ်ခါ အက်တမင်က ကိုကျော်စွာ ညောင်းလို့ပဲလားမေးတော့ ဒီတခါတော့ အတည်ပါ…အက်တမင်ကို လေးစားပြီးသားပါ..ငါးကတော့ လျော်တယ်။ ခြောက်ကပြန်တယ် တဲ့။ ဆက်ပြောပါသည်။ ဒီတစ်ခါလည်း အကြွေးပဲလားတဲ့….အက်တမင့် မျက်နှာသေးသေးသွားလိုက်တာများ မပြောပါနဲ့တော့ ။ တစ်နေ့က မသာအိမ်မှာ အက်တမင်ကြီး အကြွေးတင်ခဲ့တာလေ…အဲဒါကြောင့်ပြောတာလို့ အကြောင်းသိသူတစ်ယောက်က လေသံတိုးတိုးလေး ထွက်ပြီးသတင်းပေးသည်။

အဲဒီမှာပဲ ကိုကျော်စွာက ကျွန်တော် တင် ပြချင်တာကတော့ ဆိုပြီး ပုဆိုးကို ပြင်ဝတ်လိုက်သည်။ သူလည်း ၃၆ လားပေါ့..အဟီး..ဆက်ပြောတာကတော့ … ကျွန်တော်က တော့ အကင်နဲ့ ဘီယာ ဆိုင်ဖွင့်ချင်တယ် အက်တမင်…မသဉ္ဖာတို့ ဆိုင်ရောင်းတာလည်း ရောင်းပေါ့…တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ကျွန်တော်တို့ ဆိုင်မှာ သောက်ပြီးရင် သူတို့ဆိုင်ကို ကူးလို့ရတာပေါ့…ဒါကိုလည်း စဉ်းစားမိလို့ပါ။ ပြီးတော့ ဆောင်းတွင်း ဆိုတော့ ဒါလေးတွေက လိုတယ်လေဆိုပြီး လက်မကို ပါးစပ်ထဲ ထည့်ပြပါတယ်။ အားပါသွား၍ထင်သည်။အရှိန်လွန်ပြီး အာခေါင်ကို ထိသည်။ ဝေါ့ကနဲ ဖြစ်သွားသည်။ (နဲတောင်နဲသေးတယ်…လာပြီး စတိုင်လာပေးနေတာကိုး ) နောက်ကျွန်တော်စဉ်းစားမိတာက အွန်လိုင်းကနေပြီးတော့ လည်း အကြံဥာဏ်တောင်းမယ်လို့ အကြံပေးပါတယ်။ ဒါကလည်း တောင်ကြီးချယ်ရီဟာ အဝေးရောက် ချယ်ရီကို ချစ်သောသူများနဲ့လည်း သက်ဆိုင်တယ်ဆိုတဲ့ သဘောပါ ဆိုပြီး အများနဲ့ ကိုင်တုတ်လိုက်ပါသေးတယ်။

"ဟာ….ဘီယာ၊ အကင်ရောင်းရင် မကောင်းဘူးထင်တယ်….အဲလိုရောင်းရင် ပြဿနာတက်နိုင်တာပေါ့…အမူးသမားတွေနဲ့တရုန်းရုန်းဆိုတော့ …ကျွန်မတို့က မိန်းကလေးတွေလေ…ဘယ်ကောင်းပမလဲ " ဆိုပြီး ကန့်ကွက်မဲပေးပါသည်။ ထပြောသူကတော့ အဒူလဲသိလား….ရေခဲတုံးကြီး မအေးမိစံပါ။ အားလုံးအံ့အားသင့်သွားသည်။ ပါးစပ်တွေ အဟောင်းသားဖြစ်သွားသည်။ တခန်းလုံး တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူကတော့…ဘူ….တဲ့။ အသံလာတဲ့ ဘက်ကို ခန့်မှန်းပြီး အားလုံး ၀ိုင်းကြည့်ကြသည်။ အဟင့်…အဟင့် ဆိုပြီး အသံလေးထွက်လာသည်။ သူလို့ထင်ပြီး ၀ိုင်းကြည့်လို့ ရှက်၍ထင်သည်။ သမီး မဟုတ်ဘူးနော်လို့ ငြင်းရှာသည်။ ကြည့်လိုက်တော့ ချိုချိုမွှေးမွှေးလေးပေါ့။ အခုတော့ ချိုချို နံနံလေးလို့ နာမည်ပြောင်းလိုက်ပြီ လို့ ..စိတ်ထဲကနေကြိတ်ပြောမိသည်။

နံတာကတော့ တော်တော်နံတယ်ဗျ….ခုနှစ်ရက်လောက် ဓညင်းသီးတွေ ၊ ဆူးပုတ်တွေ ၊ ငါးပိရည်ကျိုတွေ စားပြီး ခုနှစ်ရက်လောက် ၀မ်းချုပ်ပြီး မအောင့်နိုင်မအီးနိုင် ထွက်လာတဲ့ အနံပါ…မယုံမရှိပါနဲ့….လို့ အီးသုတေသနနဲ့ မာစတာဘွဲ့ရခဲ့သ (လက်ရှိအလုပ်အကိုင် - မြို့နယ်စည်ပင်ရဲ့ မိန်လာပြုပြင်ထိန်းသိမ်းရေး အထွေထွေ အတွင်းရေးမှူး) ကိုအောင်မိန်းက ဆိုင်းမဆင့် ဘုံမဆင့် ပြောပါတယ်။ ပြောတဲ့သူတွေကလည်း အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ပြောတော့

ကျွန်တော်တို့မှာ ကောင်မလေးတော်တော်ရှက်သွားမှာပဲဆိုပြီး ကရုဏာ စိတ်တွေတောင် ပေါ်လိုက်သေးသည်။ ပြောတဲ့သူကလည်း ထိုကိစ္စနဲ့ပါတ်သတ်ပြီး ဆိုးဆိုးဝါးဝါးရာဇ၀င်ရှိပုံရပါသည်။ အဆိုးဆုံးကတော့ ကိုချမ်းပေါ့…ကျွန်တော်ပါဆိုပြီး ထပြောတယ်လေ….ဟီးရိုးပေါ့…ကောင်မလေးက အားကိုးတဲ့ မျက်လုံးလေးတွေ့နဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရပါသည်။ ဒါကတော့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့…။

အကင်ဆိုင်ဖွင့်ချင်တဲ့ သူရယ်၊ ရိုးရာအစားအစာ ဆိုင်ဖွင့်ချင်တဲ့ သူရယ် ပေါ်လာတော့ အက်တမင် စဉ်းစားရကြပ်ပြီပေါ့။ အကင်ဆိုင်ဖွင့်တာကိုငြင်းရင်လည်း ခွက်ပုန်းခုန်သူ အက်တမင်က သူစားပေါက်ပျောက်သွားမှာကို သိတယ်လေ။ ကိုကျော်စွာကလည်း ဗူးဆိုရင် ဖရုံမသီးတဲ့ လူမျိုးကိုး။ ဟိုဆိုင်ကို မဖွင့်ပါနဲ့ ပြောရင်လည်း သူကြိတ်သဘောကျနေသော ကောင်မလေးနဲ့ဝေးပြီလေ။ အဒူလေးလဲ ဆိုတော့ ….မပြောတော့ပါဘူးလေ…ညီမလေးတွေနဲ့ မမများ ရင်ခုန်ကြပေါ့နော့်။ အဟဲ။ သတိတော့ထားဗျို့ …အက်တမင်ရဲ့ နောက်ကြောင်းက မကောင်းဘူး…၄၀ ဆိုလားပဲ..အဟဲ။

နောက် အွန်လိုင်းက အကြံပေးချက်တွေကလည်း နှစ်ဆိုင်လုံးဖွင့်တာကို သဘောကျတယ်တဲ့လေ။ နောက်ဆုံးတော့ ဆိုင်နှစ်ဆိုင်လုံးဖွင့်မယ်လို့ အက်တမင်က မချချင် ချချင်သလိုလုပ်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အားလုံးလဲ ကျေနပ်သွားကြပါတယ်…. ဒီလိုနဲ့ ကျွန်တော်တို့ ရဲ့မီတင်လေး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်….

မီတင်ပြီးလို့ လမ်းခွဲကြတော့ ကိုကျော်စွာ သွားရအောင်လို့ အဖော်ညှိတော့ သူက ဘယ်လဲလို့မေးပါတယ် ။ထုံးစံအတိုင်းပဲပေါ့ လို့ပြောတော့ ဟာ…ကောင်းတယ်..ကောင်းတယ်တဲ့…ရာသီဥတုကလည်း အားကစားသမားတွေ အကြိုက်ပဲတဲ့။ သိပ်မပြောရပါလား ကိုကျော်စွာရယ်။

လေအေးအေးလေးတွေကတော့ ကျွန်တော်တို့ကို ကျီစယ်လို့ပေါ့။ မင်းလမ်းတစ်လျှောက် လမ်းလျှောက်ပြန်ခဲ့ကြသည်။ ဆိုင်က အပြန်မှာတော့……..ကြယ်တွေက လင်းလက်ပြီး တိမ်တွေက စိမ်ပြေးတမ်းကစားနေပါသည်။ သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မှာ မို့လို့လားမသိဘူး လပေါ်မှာလည်း အဖိုးက ဆန်တွေ မနားတမ်းဖွတ်နေတယ်။ ရောက်တက်ရာရာ အတွေးများကို တွေးနေစဉ်မှာပဲ….

"တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့် …

ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ်…

ချယ်ရီတွေရယ်ဧည့်ဝတ်မပျက်ပါဘူးကွဲ့ အချစ်ရယ်…"

ဆွေးဆွေးမြေ့မြေ့ ဆွဲဆွဲငင်ငင် အသံသေး အသံကြောင်နဲ့ သီချင်းထဆိုပါသည်။ ရုတ်တရက်ဆိုတော့ တော်တော်လန့်သွားသည်။ နောက်တော့ ကျွန်တော်က မသိမသာ အေးလိုက်တာ နားရွက်တွေကလဲ…. ဆိုပြီး လက်နှင့်အုပ်လိုက်သည်။ ဟောင်နေသော ခွေးများပင်လျှင် မှင်သက်ငေးမောသွားကြသည် ထင်ပါသည်။ အားလုံးတိတ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး။ သူကတော့ သူ့ဖီလင်နှင့်သူ မျက်စိကြီး မှိတ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ဆက်ဆိုလျက်။

**********************

"တန်ဆောင်တိုင်ကြီး ပြီးသွား၍ စာရင်းချုပ်သော အခါ ၀က်ဝက်ကွဲ မမြတ်ပါ။ ရှုံးပါသည်။ အမေ့နားကပ်လေး ပေါင်ထားတာတော့ ရွေးနိုင်တော့မည် မထင်ပါ။ ဆိုင်ဖွင့်ရင်ကောင်းမယ်ဆိုပြီး မီတင်စတင်ခဲ့သော အက်တမင် ကိုပဲ စိတ်ဆိုးရမလား။ အစားအသောက်အတွက် ကျွန်မတို့တာဝန်ယူတယ်…ကျွန်မတို့လက်ရာက ဘလော့ထဲမှာ မြင်တာနဲ့ စားချင်စရာပဲမဟုတ်လား လို့ပြောကာ တာဝန်ယူခဲ့သော မမဘလောကာများကိုပဲ စိတ်ဆိုးရမလား။ ဧည့်ကြိုမမ ဧည့်ကြိုတာဝန်ယူတယ်ဆိုပြီး ပဲပေးနေတာ ကိုပဲ အပြစ်တင်ရမလား။ အဖေတစ်ခွက် သားတစ်ခွက် ဆိုပြီး အားပေးသူတစ်ခွက် ဆိုင်ရှင်တစ်ခွက် သောက်မိခဲ့ကြသော အချင်းအချင်းကိုပဲ အပြစ်တင်ရမလား"

ဖွ..လွဲပါစေ …ဖယ်ပါစေ ဆိုပြီး ထအော်မိကာ အိပ်ယာမှ လန့်နိုးလာပါသည်…..ထိုအခါမှ ဟင်းကနဲ သက်ပြင်းချနိုင်ပါသည်။ ငါအိမ်မက်မက်နေတာပဲလို့သိလိုက်ရသည်။

****************************

အင်မှန်းသိသွားတာကို မခံချင်၍ မမများအုပ်စုက အင်းသားရိုးရာ အစားအစာ ချက်နည်းများကို ရက်တိုသင်တန်းတက်ကာ နေ့မအား ညမနား သင်ကြားနေကြောင်း သတင်းသဲ့သဲ့ရပါသည်။ တဖြည်းဖြည့်နှင့် လက်ရာ တိုးတက်မှု ရှိလာကြောင်းကိုလည်း သိရသည်။ မခံချင်စိတ်နဲ့ ကြိုးစားနေကြသော မမများကို ကြည့်ပြီး ၀မ်းသာရသည်။

ဒီလိုနဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးကို ရောက်ရှိလာပါတော့သည်။

အက်တမင် ထင်တဲ့ အတိုင်းပင် တောင်ကြီးချယ်ရီ ဆိုင်လေးမှာ အားပေးသူများနှင့် စည်ကားလှပါသည်။

အွန်လိုင်းပေါ်ကရော…လက်တွေ့မှာပါ စည်ကားလှပါသည်။ အွန်လိုင်းပေါ်ကနေလည်း အော်ဒါများက မပြတ်ပါ…ဒီလိုရောင်းတာ ဒီတစ်ခါပဲ ရှိသေးတာကိုး…အွန်လိုင်းမှာ ရောင်းသူနှစ်ယောက်ကိုတော့ လူဌားရပါသည်။ သူတို့ကတော့ အွန်လိုင်းမှာ ချက်တာများဟု နာမည်ကြီးနေသူများပါ။ နစ် ပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ ချက်ခဲ့ပေမယ့် ဒီတစ်ခါတော့ သူတို့ရဲ့ ရာဇ၀င်မှာ အမည်းစက်ထင်သွားပါသည်။ ဘာလို့လဲဆိုတော့ လက်ကြွက်တက်၍ ဖြစ်ပါသည်။ ဘေးမှာတော့ ပရုတ်ဆီပုလင်း ကိုယ်စီနဲ့ပေါ့။ တောင်ကြီးချယ်ရီနဲ့တွေ့မှ သူတို့နာမည်ပျက်တယ်ဆိုပြီး အသားရေဖျက်မှုနဲ့ တရားစွဲမယ်လုပ်နေလို့ မနည်းတောင်းပန်ထားရသေးသည်။ မီဒီယာတွေကလည်းကောင်း ..လက်ရာတွေကလည်း ကောင်းဆိုတော့ အောင်မြင်တာမဆန်းပါဘူးနော့်….။

ဆိုင်ရဲ့ ဆိုင်းပုဒ်လေးကလည်း ကဗျာဆန်ပါသည်။ အများနဲ့မတူ တမူထူးခြားပါသေးသည်။ "ချယ်ရီကိုသာ ပန်ပါ" တဲ့ ။ မမတို့မှာလည်း လက်မလည်ရရှာပါ။ (ယားလို့ ကုတ်ချင်ပေမယ့် လက်မအားသောကြောင့် ယားတဲ့နေရာကို မှတ်ထားကာ လက်အားမှ ကုတ်ရရှာပါသည် ) ရောင်းရုံနဲ့ မပြီးပါ။ လစ်လိုက်တာနဲ့ မိတ်ဆက်ဖို့ ချောင်းနေသော စာဖတ်ပရိတ်သတ်များက မိတ်ဆက်ကြပါသည်။ ကျွန်တော်တို့ ဆိုင်မှာ သောက်ပြီး ဗိုက်ကလေး ဆာလာပြီဆိုလျှင် ဟိုဘက်ကို ကူးလိုက်ယုံပဲလေ။ ဆက်ဆံရေးကလည်း ကောင်းသလို လက်ရာကလည်း အလွန်ကောင်းသောကြောင့် လူမပြတ်ပါ။ တစ်ရက်ပြီး တစ်ရက် အမြတ်ကို တွက်ကြတော့ ၄ဆ၊၅ဆ လောက်ကို မြတ်ပါသည်။ မီးပုံးပျံတစ်လုံးတက်သွားတိုင်း အောင်မြင်မှုအတွက် ခွက်တိုက်ရတာကလည်း အမော…..အဟဲ။

ပွဲတော်ရက်အတွင်း ထူးခြားတာတစ်ခုကတော့ ချယ်ရီမြေရဲ့အမှတ်တရ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် အစပြုခဲ့တာပဲလေ…ကျွန်တော်အတန်တန်တားတဲ့ ကြားက အချစ်စိတ်တွေ ယိုဖိတ်လို့ အလည်ရောက်လာတဲ့ မြေပြန့်သူလေးတစ်ယောက်ကို ချစ်မိတဲ့ သူကတော့ မျက်နှာရူးကြီး ကိုကျော်စွာပါ။ စတွေ့ပုံလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပါသည်။

လာတာကတော့ ကျွန်တော်တို့ ဆိုင်ကိုလာတာမဟုတ်ပါဘူး….မမများကို လာအားပေးတာပါ…စုံစမ်းကြည့်တော့ လာလည်တယ်လို့သိရပါသည်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ မင်းသားက သဘောတော်ခွေ့သွားတာပါ…တော်ကောက်တော်မူချင်ပေမယ့်လည်း ပါပါက ဘုရင်မဟုတ်တော့ လုပ်လို့မရဘူးလေ။ ဒါကြောင့် ကိုယ်စွမ်းရှိသလောက် ကြိုးစားရပြီပေါ့။ ဒီတစ်ခါမှ မစွံရင်လည်း ဒီတသက် မိန်းမရကိန်းမမြင်ပါ။ ဒါကိုသိသော ကျွန်တော်တို့ ဒီတစ်ခါများ စွံလေမလားဆိုပြီး အားလုံးက သူ့ကို ၀ိုင်းအားပေးကြပါသည်။ ပင့်ပေးတယ်လို့ ပြောရင် ပိုမှန်မလားမသိဘူး။

အက်တမင်။ ။ ကောင်မလေးက မဆိုးဘူးနော်…မျိုးကောင်းလေးထင်တယ်။ ဒေါင်းမျိုးလေးဟ ...အတွေးမမှားနဲ့ …ကိုယ့်လူ…အားပေးတယ်တဲ့..ဦးစွာ အားပေးအားမြှောက်ပြုပါသည်။

ကိုရဲ ။ ကြိုးစားကြည့်ပေါ့ဗျာ…ကျွန်တော်ကတော့ မထင်….ဆိုပြီး အားပေးစကားဆိုပါသည်။

ကိုအောင်မိန်း။ ။ ကျွန်တော့်ဘေးက ဖြတ်လျှောက်သွားတော့ အနံလေးကတော့ သင်းနေတာပဲ… အီးခိုးတော့ မပေါက်တတ်လောက်ဘူး…အားပေးတယ် ..တဲ့။

ကိုချမ်း။ ။ အင်းမလုပ်..အဲမလုပ်…ကိုကျော်စွာက ကြေငြာလိုက်တော့ ငါးရံ့ နှစ်ကောင် မဖမ်းရတော့ဘူးဆိုတဲ့ မျက်နှာနှင့် ။

ကိုဇေယျာ။ ။ ကျွန်တော့်မှာ သီချင်းကောင်းကောင်းလေးတွေ ရှိတယ်။ သီချင်းလိုက်ဆိုပေးစရာ လိုရင်ပြော…အချိန်မရွေးတဲ့။

ကျွန်တော်။ …..စိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းတယ် ဆိုတဲ့ စကားပုံကို စဉ်းစားနေသည်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူဖြစ်ချင်ရာကို တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ အနေအထားနဲ့ပေါ့။

အမျိုးသမီးများ အဖွဲ့ကလည်း ၀ိုင်းပြီး မပါသေးသည်။

မနေနေ။ ။ ကျော်စွာ…ကောင်မလေးက နင့်ကို စိတ်ဝင်စားပုံပေါ်ပါတယ်ဟ..ငါတို့က မိန်းကလေးချင်းမို့သိတယ်တဲ့။ ငါ့တုန်းကလည်း ဒီလိုပဲ အထာပေးခဲ့ရတာတဲ့လေ (သူ့အထာပေးကောင်းလို့ အခုထိ အပျိုကြီး ဖြစ်နေတာလေ)

မသဉ္ဖာ။ ။ ငါလုပ်တဲ့ ဟင်းထုပ်ကို တော်တော်အားပေးသွားတာ…နင်နဲ့လိုက်ပါတယ်။ ငါ့လက်ရာကို နင်နဲ့ သူပဲ ကောင်းတယ်ပြောတာတဲ့ ..ကောင်းရော။

မနိုင်းနိုင်း။ ။ ငါလည်း အားပေးတယ်…ဆိုင်ကို ရောက်ရောက်ချင်းပဲ.. အစ်မက အရမ်းလှတာပဲ…ဘလော့ထဲမှာ ထက် အပြင်မှာက ပိုလှတယ်လို့ ပြောသွားတာ…ငါလည်း သူနဲ့ဆိုအားပေးတယ်တဲ့။

ကုမုဒြာ။ ။ အစ်ကိုက လူချောပဲ…စိတ်ထဲကတော့( ငါးရှဥ့်နဲ့ အမျိုးတော်တာကိုး )။ သဘောကောင်း မနောကောင်းလေးပဲ ။ ဟိုအစ်မက အစ်ကို့ကို မကြိုက်ဘူးဆိုရင်တောင် ခင်မင်ခွင့်လောက်တော့ ပေးမှာပါ။ ပါးကောင်းတယ်ဟုတ် မလား…ဆိုတော့ က..ကိုကျော်စွာက အယောင်ယောင် အမှားမှားနှင့် ပါးကို ကိုင်လိုက်ပါသည်။

ကိုကျော်စွာကို ကြည့်ရသည်မှာ အသဲအသန်ဂဲ မှန်နေပါသည်။ မျက်နှာတွေကလည်း ယောင်လို့ ကိုင်းလို့( အမှန်ကတော့ ညက လွန်ပြီး မြောင်းထဲ ပြုတ်ကျတာ..ကျွန်တော်က သိသိကြီးနဲ့ အဲလမ်းလေးက ဖြူးတယ်ဆိုပြီး နောက်လိုက်တာ ဆရာက တသွေမတိမ်း လျှောက်သွားသည်လေ)။ အားပေးတဲ့ သူတွေကလည်း အားပေးကြတော့ သူ့ခမျာ အ၇မ်းကို စိတ်အားထက်သန်လျက်ရှိပါသည်။ ၀ါရင့် လူပျိုသိုးကြီးများထံတွင် အကြံဥာဏ်ကောင်း ရဖို့အရေး အမျိုးမျိုး ပူဇော်ပသရ ၊ အပျိုကြီး မမများထံတွင်လည်း အခြေအနေကောင်းပမလားဆိုပြီး မေးရ၊ မြန်းရနှင့် ဗျာများနေသည်မှာ သနားဖို့အရမ်းကောင်းပါသည်။

ဒါပေမယ့်ဗျာ….ကျွန်တော် ဆက်မရေးချင်တော့ဘူး…ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းကို ခင်ဗျားတို့လည်း သိနေလောက်ရောပေါ့နော်။ ကျွန်တော်လေ…သူ့အစား အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်…သူဘယ်လို ကြိုးစားခဲ့တာ…ကောင်မလေး သူ့ကို ပြန်စိတ်ဝင်စားအောင်လုပ်၇တာ တွေကို မြင်နေရတော့ ပိုဆိုးတာပေါ့ဗျာ…ကျွန်တော်သာဆို ပြန်ကြိုက်လိုက်ပါတယ် …ကောင်မလေးနေရာမှာဆိုရင်လေ(ရေးသာရေးရတယ်…ဖင်တော့ ကြိမ်းတယ်..အဟဲ..သူ့ကိုဖြစ်စေချင်လွန်းလို့ပါဗျာ) ။ ဒါပေမယ့်လည်းဗျာ ..ဘယ်တတ်နိုင်မလဲ…ဖူးစာ ဆိုတာလည်း ရှိသေးတာကိုး…ဆိုပြီး ဖြေသိမ့်စကား ပြောရတာပေါ့လေ။ နောက်ပြီး တောင်ကြီးသားတွေ သိက္ခာကျအောင် လုပ်တဲ့ အတွက်လည်း စိတ်ဆိုးချင်တယ်။ အဟဲ ..ကျွန်တော်တုန်းကဆိုရင်…..မပြောတော့ပါဘူး…ကြော်ငြာဝင်တယ် ထင်မှာ စိုးလို့။

ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့ အတွေး သက်သက်သာ ဖြစ်သွားခဲ့တာပါ။ အခြေအနေအားလုံးကို ၁၈၀ ဒီဂရီပြောင်းအောင် လုပ်နိုင်တာကတော့ ဇာတ်လိုက်ကြီးပါပဲ။ ကောင်မလေးကလည်း သူ့ကို စိတ်ဝင်စားခဲ့ပါတယ်။ မူတာပေါ့ဗျာ…မိန်းမတို့သဘာဝအတိုင်း ….သိတယ်မလား..ခင်ဗျားတို့လည်း ကြုံဖူးကြမှာပါ။ ကြာကြာတော့ မမူနိုင်ပါဘူး…အခြေအနေကမပေးတော့ဘူးလေ.. သူနဲ့ စိမ်းဘက်ရှ် တွေအားလုံးက ကလေးတွေ ကိုယ်စီနဲ့ ဖြစ်နေကြပြီလေ။ စာရင်းက နောက်ဝါကျွတ်ရင် ပိတ်ပြီ..ဒါနဲ့ ကောင်မလေးက ကိုကျော်စွာကို မေးခွန်းလေး တွေ မေးမယ်.. ဖြေနိုင်ရင် သူ့ရဲ့ အချစ်ကို ရမယ် ဆိုပြီး ဆိုတယ်တဲ့။ သူမရဲ့ မေးခွန်းလေးတွေကို ဇာတ်လိုက်ကြီးက ဖြေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး ရင်တထိတ်ထိတ်နဲ့ သူတို့ကို ကြည့်နေကြပါသည်။ ကောင်မလေးကလည်း အားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်း ဖြစ်စေချင်လို့ပါပြောတော့ ကျွန်တော်တို့အားလုံးရဲ့ အလယ်မှာ သူတို့နှစ်ယောက် အမေးအဖြေ လုပ်ကြတာပေါ့။

မင်းသမီး။ ။ ရှင် ကျွန်မကို အရမ်းချစ်တာ ပဲလား?

မင်းသား။ ။ အရမ်းချစ်တာပေါ့

မင်းသမီး။ ။ ဒါဆို ကျွန်မအတွက်ဆို ရှင်သေမလား?

ကျွန်တော်တို့ အားလုံး ကိုကျော်စွာ ဘာဖြေမလဲ ဆိုတာကို ရင်တမမနဲ့ နားစွင့်နေကြသည်။

သေမှာပေါ့….အင်းလို့ ပြောလိုက်လေ..ဒီကောင် ဒါလေးဖြေတာများကွာ..နေရာချင်းလဲလိုက်ချင်တယ်…ဆိုပြီး သူ့အစား စိတ်ထဲကနေ ၀င်ဖြေပေးမိနေပါသည်။ ကိုယ်ခန္ဓာ ကြီးသလောက် အသဲနုသော မနေနေကလည်း ရင်ဘတ်ကို ဖိလို့ပေါ့…ကဲ မင်းသားက ဘာဖြေလဲ ဆိုတော့ …..

မင်းသား။ ။ ဟာ..ဘယ်သေမလဲ…ကျွန်တော့် အချစ်က မသေတဲ့ အချစ်လေ တဲ့။

ကျွန်တော်တို့ အားလုံးက သွားပါပြီကွာ ဆိုပြီး ဟာ…ကနဲ ပါးစပ်က အသံတွေ ထွက်လာသည်။ မင်းဘယ်လို ဖြေလိုက်တာလဲ…အင်းလေ နင်ကလည်း ….ဆိုပြီး မချင့်မရဲနဲ့ ၀ိုင်းပြောကြပါသည်။

ဒီအသံတွေကို အဆုံးသတ်စေတာကတော့ " ကျွန်မသူ့ကို အဖြေပေးလိုက်ပါပြီ..သူ့အချစ်ကို လက်ခံတယ်တဲ့"

အမှန်တော့ ဒါလုပ်တယ် ဆိုတာကလည်း ထုံးတမ်းအစဉ်အလာကြောင့်ပါ…မဟုတ်ရင် သူတောင်းကတည်းက ချက်ချင်းကို အဖြေပေးချင်နေတာတဲ့လေဆိုပြီး…သူမကဆက်ပြောပါသည်။ အင်း တတ်လည်း တတ်နိုင်ပါပေ့…ကျွန်တော်တောင် ရူးချင်သလိုလို ဖြစ်သွားသည်။

မောင်လှမျိုးရဲ့ အလွမ်းနဲ့ အဆုံးသတ်ချက်တွေကို မကြိုက်သော ကျွန်တော့်အတွက် တအားပါပဲ…စာဖတ်သူများလည်း ကျွန်တော့်လိုပဲ ဖြစ်စေချင်ကြမှာပါ..ဟုတ်တယ်ဟုတ်…ကဲ…ဘုန်းကြီးရူးနဲ့ လှေလူး ဇာတ်လမ်းလေးကတော့ ဒီမှာ တင် အဆုံးသတ်ပါတယ်ခင်ဗျာ….

****************************

ဒီနှစ်တောင်ကြီးတန်ဆောင်တိုင်ကတော့ ကျွန်တော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါ…..

ကျွန်တော်တို့အားလုံး ပျော်ရွှင်ခဲ့ကြရပါသည်။ အထူးသဖြင့်တော့…ဟိုမျက်နှာရူးပေါ့လေ။ စာရင်းတွေ ချုပ်တော့ မြတ်ပါသည်။ အမြတ်ငွေတွေကိုတော့ အားလုံးနဲ့ တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင်သွားပါမည်။ မကြာခင်မှာ တောင်ကြီးမြို့ရှိ ထိုင်လို့ကောင်းသော ဆိုင်များ ပိုစ့်တွေ တက်လာမည်မှာ မလွဲပါ…အဟီး။ အဲဒီ အချိန်မှာတော့ virtual tour ဆိုပြီး ကိုရဲရဲ့ နှစ်သိမ့်မှုတွေလည်း လာအုံးမှာပါ။

ကဲ အားလုံးပဲ ပြုံးပျော်နိုင်ကြပါစေ။

နေလင်း။


Read more!

Tuesday, October 30, 2007

အင်းသားရိုးရာလှေပြိုင်ပွဲ (၂)

ဖောင်တော်ဦးဘုရား ရတနာ စံကျောင်းတော် ၀င်ပွဲမှာ ကျင်းပတဲ့ အင်းသားရိုးရာ လှေပြိုင်ပွဲမှာ တွေ့ကြုံခဲ့တာလေးကို ပြောပြဖို့ရှိပါတယ်.. အင်းသားရိုးရာလှေပြိုင်ပွဲမှာ ၂၆တက်၊ ၄၆တက်နဲ့ ရာကျော်တက် ဆိုပြီး အတန်း (၃)တန်းပါဝင်ပါတယ်.. အဲ့ဒီ အတန်းတွေထဲက ၂၆တက်ပြိုင်ပွဲတွေမှာတော့ အမျိုးသမီးတွေနဲ့ ကျောင်းသား အရွယ်တွေ ပါဝင်ယှဉ်ပြိုင်ကြပါတယ်..

ကျင်းပတဲ့ နေရာကတော့ ရတနာစံကျောင်းတော် ရှေ့က ရေလမ်းချောင်းမှာ ဖြစ်ပါတယ်.. ဘေးတစ်ဘက် တစ်ချက်ဆီမှာတော့ ၀ိုင်းဝန်းအားပေးနေကြတဲ့ လူအုပ်ကြီးရှိပါတယ်.. လှေတွေပေါ်ကနေ အများစုက ကြည့်ရှူနေကြပါတယ်.. ပြိုင်ပွဲကိုတော့ ဖောင်တော်ဦးဘုရားများ စံကျောင်းတော်ပေါ် ပင့်ဆောင်လို့ ပြီးသွားတဲ့ အချိန်မှာ ကျင်းပတာဖြစ်ပါတယ်.. ကနဦးပွဲစဉ်တွေကို ယှဉ်ပြိုင်ထားပြီး ဖြစ်တာမို့ အဲ့ဒီနေ့ကတော့ အကြို ဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲတွေပဲ ကျင်းပခဲ့ပါတယ်..



ပွဲစဉ်တိုင်းနီးပါး လက်ရည်တူ ယှဉ်ပြိုင်နိုင်ကြပြီး၊ အမှတ်ပေး နေရာမှာရှိတဲ့ အဆုံးအဖြတ်ပေးမဲ့ ၀ါးလုံးကို အရင်လှမ်းဆွဲနိုင်တဲ့ အသင်းတွေက အနိုင်ရသွားကြပါတယ်.. ထူးထူးခြားခြား အဖြစ်အပျက်တွေလဲ မြင်ခဲ့ရပါသေးတယ်.. အမျိုးသမီး (၂၆)တက် လှေပြိုင်ပွဲမှာ ပြိုင်ပွဲဝင်လှေ ၀မ်းကွဲသွားပြီး ရေတွေဝင်လို့ နစ်သွားခဲ့ပါတယ်.. အင်းသူတွေကတော့ ရေကူးကျွမ်းပြီးသားဆိုတော့ ဘာမှတော့ မဖြစ်ခဲ့ပါဘူး.. တကယ်ဆိုရင် ပြိုင်ပွဲဝင်လှေတွေက အရမ်းကို ဇောက်တိမ်ပါတယ်.. ရေပေါ်ကို ပေါ်တယ်ဆိုရုံလေးသာ ရှိပြီး တစ်ယောက်လောက် ကမောက်ကမ လုပ်ရင် လှေမြုပ်မှာ သေချာပါတယ်..

အဲ့ဒီမှာ ပြောသံကြားခဲ့ရတာက ပြိုင်ပွဲဝင်စည်းမျဉ်းအရ လှေဟာ ပန်းတိုင်မရောက်ခင် မနစ်ရပါဘူး.. အကယ်လို့ အနိုင်ရသည့်တိုင် ပန်းတိုင်ကို လှေတစ်စီးလုံး မကျော်သေးတဲ့ အချိန်မှာ လှေနစ်သွားရင် ရှုံးပါတယ်.. လှေ မနစ်ရပါဘူး.. အခု ဖြစ်သွားတဲ့ အမျိုးသမီးပွဲမှာတော့ လှေက ကျော်ပြီးဖြစ်သွားတဲ့ အတွက် သူတို့ အနိုင်ရသွားပါတယ်.. နှစ်သင်းစလုံးကလဲ ဘယ်လောက်မှ မကြောကြပါဘူး.. အနိုင်ရသွားတဲ့ အသင်းက အရင် လှမ်းဆွဲလိုက်နိုင်လို့ အောင်ပွဲရသွားတာပါ.. လှေကတော့ ဟန်ချက်ပျက်ပြီး နစ်သွားတာဖြစ်ပါတယ်..

အဲ့ဒီ ၂၆တက်လှေက ကျောင်းသားပွဲမှာလဲ သုံးရမှာ ဖြစ်ပေမဲ့ လှေကွဲသွားတဲ့ အတွက် ကျောင်းသား အသင်းတစ်ဖွဲ့က ၄၆တက် လှေ အကြီးနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်.. ကျောင်းသားတွေကလဲ မျိုးဆက်သစ်တွေ ဖြစ်တာနဲ့အညီ အနိုင်အရှုံးအဓိက မထားပဲ လှေချင်း မတူပေမဲ့လဲ ယှဉ်ပြိုင်ခဲ့ကြပါတယ်.. အဲ့ဒီ အသင်းကပဲ အနိုင်ရ ဗိုလ်ဆွဲသွား ပါတယ်.. နောက်ဆုံး ကျောင်းသား (၂၆)တက် ဗိုလ်လုပွဲလှေပြိုင်ပွဲမှာလဲ အလားတူ လှေမြုပ်တာ ဖြစ်သွားပါ သေးတယ်.. တစ်ဘက်နဲ့ တစ်ဘက် ယှဉ်ပြိုင်ရင်း လှေထဲ ရေ၀င်ပြီး နစ်တာဖြစ်ပါတယ်.. ကလေးတွေမို့ ဟန်ချက် မထိန်းနိုင်လို့ ဖြစ်တာလို့ ထင်ပါတယ်..

အဲ့ဒီလိုနဲ့ပဲ အင်းသာရိုးရာ လှေပြိုင်ပွဲက ကြည့်ရှုနေတဲ့ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှုတွေ ပေးခဲ့ပြန်ပါတယ်.. `ယောက်ျား ညီစေ´လို့ သံချက်ဖောက်သံကလဲ အားရစရာ အားတက်စရာ အလွန်ကောင်းပါတယ်.. (ဒီတစ်ခေါက်မှပဲ ကျွန်တော်လဲ သူတို့ အသံကို နားလည်နိုင်တော့ပါတယ်.. ပထမတစ်ခေါက်တုန်းက ဘာဆိုကြမှန်း မသိလိုက်ဘူး.. ကျွန်တော့ အထင်ပြောရရင် အင်းသားတွေရဲ့ အသံက ထားဝယ်တွေအသံတွေနဲ့ ဆင်တူသလိုပါပဲ.. မြန်မာစကားကိုပဲ ၀ဲပြီး၊ ဖျက်ပြီး ပြောတာနဲ့တူပါတယ်.. `မတက်ဘူး´လို့ ဗမာတွေက ပြောတာကို သူတို့က `တက်တာ မဟုတ်ဘူးလေ´ လိုမျိုး တစ်မျိုးတစ်မြည် ထူးပြီး ပြောကြတာမျိုးနဲ့ တူပါတယ်.. ရှမ်းစကားတော့ ပြောမယ် မထင်ဘူး.. သူတို့ကလဲ ဗမာလူမျိုးတွေပဲ မဟုတ်လား..)

အဲ့ ပြန်ဆက်ရရင် နောက်ဆုံးတော့ နိုင်တဲ့ အသင်းတွေကို ဆုတွေပေးပြီး ဖျော်ဖြေရေးအဖွဲ့တွေက.. ~~ ငွေသင်ဖြူးလေး ခင်းထားသလို ~~ သတင်းစကား ဆိုလောက်တယ် ~~ လှေလှော်ကာ တိမ်ကလေးတွေ အတောက်မယ် ~~ ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်တယ် ~~ အမှောင်ဆိုင်းတဲ့ အလွမ်း ပန်းချီနယ်.. တောင်ပိုင်းရဲ့ ရှမ်းပြည်နယ် ~~ မှန်းဆတွေးဝေနှော ရှမ်းမလေးတွေလဲ ချောပါတယ် ~~ သတင်းမွှေးတဲ့ အင်းလေးကန်သာဝယ် ~~ အဲ အဲ့ဒီစာသားတွေ ပါတဲ့ နောင်အင်းလေးကို အလည်လာခဲ့ပါ သီချင်းဆိုကြရင်း နဂါး ၀တ်စုံဝတ်ထားတဲ့ အင်းသူတွေက ကပြရင်း ကျန်တဲ့သူတွေကလဲ မြူးလို့ ပျော်လို့၊ ၂၀၀၇ခုနှစ် ဖောင်တော်ဦးဘုရားပွဲတော်သည် အောင်မြင်စွာနဲ့ ပြီးဆုံးသွာခဲ့ပါတယ်.. (ညဘက်မှာတော့ ဘုရားပွဲဈေးတန်း ရှိဦးမယ်နဲ့ တူပါတယ်.. )

နောင်အင်းလေး သီချင်း ရှာကြည့်တာ လွယ်လွယ်ကူကူပဲ တွေ့လို့ တင်ပေးလိုက်ပါတယ်.. Download Link

ရဲမြန်မာ


Read more!

Monday, October 29, 2007

ဒုတိယ အကြိမ် မီးပုံးပျံစမ်းသပ် လွှတ်တင်ပွဲ (၂)

မီးပုံးပျံ အစမ်း လွှတ်တင်တဲ့ ပွဲတုန်းက ပြန်တော့မယ် လုပ်တဲ့ သူတွေကို ဖမ်းစားသွားတဲ့ အစီအစဉ် တစ်ခုကတော့ Firework စမ်းသပ်ပြတာပါပဲ.. တောင်ကြီးသားတွေ အနေနဲ့ မိုးပေါ်မှာ မီးပန်းတွေ ဖောက်တာ မြင်နေကြဖြစ်ပေမဲ့.. မြေပေါ်ကနေ ကောင်းကင်ထဲကို မီးပန်းတွေ ပစ်ဖောက်တာကိုတော့ သိပ်မမြင်ဖူးကြဘူးလို့ ထင်ပါတယ်.. ကျွန်တော်ကိုယ်တိုင်ကလဲ Firework တွေကို မြန်မာပြည်မှာ မမြင်ရတော့တာ တော်တော်လေးကြာပါပြီ.. အရင်ကတော့ ရန်ကုန်မှာနေတုန်းက အခမ်းအနားတစ်ချို့မှာ တွေ့ခဲ့ဖူးပေမဲ့ နောက်ပိုင်းတော့ မပါတော့ပါဘူး.. အပြင်က ဇာတ်လမ်းတွေ ထဲမှာပဲ တွေ့ရတာ များပါတယ်.. အခုတော့ နှစ်ပေါင်း တော်တော်ကြာအောင် အပြင်မှာ မမြင်တွေ့ရတော့တဲ့ Firework ကို တောင်ကြီးမှာ အဲ့ဒီနေ့က ပြန်လည် မြင်တွေ့ခဲ့ရပါတယ်..

video

၂၀၀၇ခုနှစ် တန်ဆောင်တိုင်ပွဲတော်မှာတော့ Firework တွေကို ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ပစ်ဖောက်မဲ့ အစီအစဉ်ပါဝင် ပါမယ်.. အခု စမ်းသပ်တဲ့ ပွဲမှာတော့ မီးပန်း အမျိုးအစား တွေရဲ့ Sample အချို့ကို စမ်းဖောက်ခဲ့ကြတာ ဖြစ်ပါတယ်.. မိနစ် (၂၀)ကြာလောက် ကြာမယ်ထင်ပါတယ်.. မီးပန်း အလုံး အရည်အတွက် ကတော့ သတိမထားမိလိုက်လို့ အတိအကျ မမှတ်မိတော့ပါဘူး.. ဒါပေမဲ့ Sample ၁၀ မျိုးလောက်ကို ဖောက်ခဲ့တာဖြစ်ပြီး.. အလုံးပေါင်း ၅၀၀ အထက်လောက် ရှိမှာ သေချာပါတယ်.. အဲ့ဒီ မီးရှူး အချို့မှာ တောင်ကြီးမြို့က မီးရှူးအဖွဲ့တစ်ဖွဲ့ရဲ့ မီးပန်းတွေလဲ ပါတယ်လို့ သိရပါတယ်..

video

Photo Camera ကို Motion အဖြစ်ရိုက်ထားလို့ Pro Level လောက် မရလိုက်ပါဘူး.. Edit လုပ်ဖို့လဲ အချိန်မရတာနဲ့ မူရင်းအတိုင်းတွေ တင်ပေးလိုက်ပါတယ်..

လာကြည့်ကြသူတွေက `လက်ခုပ် လက်ဝါး´ တီးလို့ အားပေးခဲ့ကြပါတယ်.. မီးရှူးတွေ ဖောက်လို့ ခနလောက်လဲ ကြာရောဆိုင်ကယ်တွေ အသီးသီးနဲ့ တခြားကလူတွေ မီးပုံးကွင်းကို ထပ်ရောက်ပြီး လာကြည့်ကြတာ တွေ့လိုက်ရ ပါသေးတယ်.. အားလုံးကလဲ သဘောတွေ ကြလို့ `ထပ်လုပ်ပါဦးဗျို့´ ဆိုပြီး တောင်းဆိုသံတွေကိုလဲ ကြားခဲ့ရပါတယ်..

မီးရှူးတွေလဲ ဖောက်လို့ ကုန်သွားရော နောက်ထပ် မီးပုံးပျံ တစ်လုံး လာရောက် လွှတ်တင်တာ ကြည့်ခဲ့ပါသေးတယ်.. သူကလဲ `မီးကျည်´ အမျိုးအစား ဖြစ်ပါတယ်.. မီးပုံးပျံကိုယ်ထည်ကတော့ Plastic အသားနဲ့ လုပ်ထားတာ ဖြစ်ပြီး.. အေးအေးဆေးဆေး အောင်အောင်မြင်မြင်ပဲ တက်သွားခဲ့ပါတယ်.. မီးပန်း အလှတွေလဲ အဆင်ပြေပြေနဲ့ ပစ်လွှတ်နိုင်ခဲ့တာကြောင့် တန်ဆောင်တိုင် မရောက်သေးပေမဲ့လဲ.. ကြိုတင်ပြီး မီးပုံးပျံတွေ၊ မီးရှူးတွေ၊ Firework တွေကို တွေ့မြင်လိုက်ရလို့ အားလုံးနဲ့ ထပ်တူ ထပ်မျှ ကျွန်တော်လဲ အားရကြေနပ်တဲ့ ခံစားချက်တွေ ရရှိလိုက်ပါတယ်.. အဲ့ဒီလိုနဲ့ပဲ ဒုတိယ အကြိမ်မီးပုံးပျံ စမ်းသပ်လွှတ်တင်ပွဲ၊ ဒါမှမဟုတ် သီတင်းကျွတ် မီးထွန်းပွဲတော် အဆက် အစီအစဉ်ဟာဖြင့် ကြည်နူးပျော်ရွှင်ဖွယ်ရာ၊ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်..

ကျွန်တော့်စိတ်ထဲမှာတော့ အသစ်အသစ်တွေ မြင်တွေ့ရမဲ့၊ ကွင်းအသစ်ကြီးမှာလဲ ကျင်းပမဲ့ ၂၀၀၇ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးကို အမြန်ဆုံး ရောက်ဖို့ အရေး မျှော်တွေးနေမိပါတော့တယ်..


Read more!

၂၀၀၇ ခုနှစ် ဖောင်တော်ဦးဘုရား ရတနာ စံကျောင်းတော် ၀င်ပွဲ

ဖောင်တော်ဦးဘုရားပွဲတော်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီနေ့မှာတော့ ကျောင်းတော်ဝင်ပွဲအခန်းအနား ကျင်းပခဲ့ပါတယ်.. နောက်ပြီး အင်းသားရိုးရာ လှေပြိုင်ပွဲတွေလဲ ယှဉ်ပြိုင်ခဲ့ကြ ပါတယ်..

ဟိုလျှောက်သွားလိုက်၊ ဒီလျှောက်သွားလိုက် လုပ်နေတဲ့ ကျွန်တော်တစ်ယောက် ညောင်ရွှေ၊ အင်းလေးကို ရောက်လို့ ပေါက်လို့ သွားခဲ့ရပြန်ပါတယ်.. ကျွန်တော် အရင်က လူတွေအရမ်းများတဲ့ ပွဲတွေဆိုရင် ဝေးဝေးက ရှောင်တက်ခဲ့ပေမဲ့ အခုတော့ ပွဲတွေတိုးတက်နေပါပြီ.. ပွဲရှိတယ်ဟေ့လို့ အသံကြားရင် မသွားဘဲကို မနေနိုင်အောင် ဖြစ်နေပါပြီ.. တောင်ကြီးချယ်ရီမြေက ကျွန်တော်ကို ဘယ်သို့သော နေရာကိုမဆို ရောက်အောင် သွားဖြစ်ဖို့ တွန်းအားတွေ ပေးနေပါတယ်.. အဲ့ဒါနဲ့ပဲ ကျွန်တော် အခုလို နေရာအစုံကို ရောက်ဖြစ်နေပါတယ်.. နောက်ထပ်လဲ သွားဖြစ်နေဦးမယ် ထင်ပါတယ်..

ဒီတွန်းအားတွေကြောင့် .. ကနေ့မနက်.. အရှေ့ရိုးမကနေ နေစထွက်တဲ့ အချိန်ကစပြီး၊ ညနေ အနောက်ရိုးမကို နေ၀င်တော့မဲ့ အချိန်ရောက်တဲ့အထိ အင်းလေးကန်အတွင်းမှာ ကျွန်တော် ရှိနေဖြစ်ခဲ့ပါတယ်.. လူလဲ နေထိလို့ အင်းသားပုံစံတောင် ပေါက်လာပြီလား မသိ.. တစ်နေကုန်ပဲ အင်းလေးကန်ထဲ လျှောက်သွားဖြစ်ခဲ့ပါတယ်.. ရောက်တဲ့ နေရာတိုင်းမှာလဲ ဓာတ်ပုံတွေ ရိုက်လာခဲ့လိုက်ပါတယ်.. (ပါသွားတဲ့ 1GB Memory ကုန်လို့ ဦးလေး Camera က နောက်ထက် 1GB တောင်ပြီး ဆက်ရိုက်၊ နောက်ဆုံး Camera Battery လုံးဝကုန်သွားတော့မှပဲ ဓာတ်ပုံရိုက်တာ ရပ်နိုင်ခဲ့ပါတယ်.. အကယ်လို့သာ Battery အပိုပါရင်လဲ တွေ့သမျှ ထပ်ရိုက်မိအုံးမှာ သေချာပါတယ်..)

ဒီနေ့ ပထမဆုံး ရောက်သွားဖြစ်ခဲ့တာက အင်းလေး ဖောင်တော်ဦးဘုရား ကျောင်းတော် ပြန်ဝင်ပွဲ ကျင်းပတဲ့ နေရာဖြစ်တဲ့ ဖောင်တော်ဦးဘုရားရင်ပြင်တော် ပေါ်ပါ..

ဘုရား ကြွချီလာရာကနေ ကျောင်းတော် ပေါ်ရောက်လို့ ကိန်းဝပ်စံပါယ်တော် မူတဲ့ အချိန်အထိ တောက်လျှောက် ရိုက်ထားတဲ့ ပုံတွေကို Virtual Tour အဖြစ်နဲ့ တင်ပေးလိုက်ပါတယ်..



စကားအနည်းငယ် ပြောရမယ် ဆိုရင်တော့ ဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ် (၅)ဆူမှ (၄)ဆူသည် အင်းလေး၊ ညောင်ရွှေ ဒေသတွေမှာရှိတဲ့ (၂၁)ဌာနကို ၁၂ရက်နေ့မှ ယနေ့ ၂၉ရက် အထိ လှည့်လည် အဖူးမျှော်ခံ ခဲ့ရာက ပြီးဆုံးသွားတဲ့ အတွက် အမြဲ ကိန်းဝပ်တော်မူတဲ့ ရတနာ စံကျောင်းတော်ကို ပြန်လည်ကြွရောက်လာခြင်း ဖြစ်ပါတယ်.. ဘုရားပြန်လည် ရောက်ရှိတဲ့ အထိန်းအမှတ်အဖြစ် ဘုရားပွဲတော် ကျင်းပပြီး၊ အင်းသားရိုးရာ လှေပြိုင်ပွဲလဲ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်..

အခု ရတနာစံကျောင်းတော်ဝင်ပွဲက ညောင်ရွှေမှာ ပြုလုပ်ခဲ့တဲ့ ဖောင်တော်ဆိုက်ပွဲလိုပဲ စည်ကားထင်ရှားလို့ ရပ်ဝေးရပ်နီးက ဧည့်သည်တွေ အမြားအပြား လာရောက်ဖူးမျှော်၊ ကြည့်ရှူ၊ လည်ပါတ်ကြတာဖြစ်ပါတယ်.. အမြင်ပုံရိပ်တွေနဲ့ ရောက်ရှိနိုင်အောင် ကုသိုလ်ပြုလို့ Virtual Tour နဲ့ ပို့ဆောင်ပေးလိုက်ပါတယ်..

ဆက်လက်ပြီးတော့လဲ အင်းသားရိုးရာလှေပြိုင်ပွဲနဲ့ အင်းတိမ်ဘုရားများ အကြောင်းတွေ ဖော်ပြပေးသွားပါ့မယ်..


Read more!

Saturday, October 27, 2007

ဒုတိယ အကြိမ် မီးပုံးပျံစမ်းသပ် လွှတ်တင်ပွဲ (၁)

ဒီနေ့လဲ ပြောပြစရာ၊ ဖောက်သည် ချစရာ အကြောင်းလေးတွေက ရှိလာပြန်တော့ မပြောဘဲ မနေနိုင် မတင်ဘဲ မနေနိုင်တဲ့ ကျွန်တော်၊ Post တစ်ခုရေးရပြန်ပါပြီ.. စကားတောင် နှစ်လုံးကွဲအောင် မပြောတက်တဲ့ ကျွန်တော် ဒီ Blog မှာ စာတွေ အမြားကြီးရေး၊ လေတွေ အမြားကြီး ကန်နေလို့ မျက်စိများ နောက်ကုန်နေပြီလားတော့ မသိ.. သဘောမတွေ့တဲ့ အကြောင်းအရာတွေ ပါခဲ့မိရင်လဲ လိုတိုး၊ ပိုလျှော့လေးလုပ်လို့ နားလည်ပေးပါလို့ ကြိုတင်ပြောလိုပါတယ်..

မနေ့က သီတင်းကျွတ်လပြည့်နေ့ ပြီးဆုံးသွားခဲ့ပေမဲ့လဲ တောင်ကြီးမြို့က တိတ်စိတ် ခြောက်ကပ်မသွားပါဘူး.. ပင်ကိုယ်ကကိုယ် ပျော်စရာတွေပဲ မြင်လို၊ တွေ့လို၊ ခံစားလိုတဲ့ တောင်ကြီးသူ၊ တောင်ကြီးသားတွေကတော့ မရအရ ပျော်စရာ ရှာလို့ ပွဲဆိုရင် ပါဝင်ဆင်နွဲကြတာ ဓလေ့လိုကို ဖြစ်နေပြီလို့ ထင်ပါတယ်..

မနေ့က ကျွန်တော် ပြောခဲ့သလိုပဲ ဒီနေ့ Official မီးပုံးပျံ စမ်းသပ်လွှတ်တင်ပွဲကို ရောက်ခဲ့ပြန်ပါတယ်.. မိုးတွင်းကာလ တုံးက ပထမအကြိမ် စမ်းသပ်ပွဲမှာ မအောင်မြင်ခဲ့တဲ့ မီးပုံးပျံအဖွဲ့ကပဲ ဒီနေ့ ဒုတိယအကြိမ် စမ်းသပ်ပွဲမှာ မကြေပွဲ ပြန်နွှဲခဲ့ပြန်ပါတယ်.. မီးပုံးပျံကွင်းသစ်ကလဲ ကျွန်တော့အထင် ၂၀၊ ၃၀%လောက်ပဲ ပြီးသေးပေမဲ့လဲ မီးပုံးပျံလွှတ်တင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ.. ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ အတွက်လဲ မီးဆရာတွေ အကြိုက်တွေ့မှာ အမှန်ပါပဲ..

အခုလောလောဆယ်အထိ မီးပုံးပျံကွင်းသစ် တည်ဆောက်မဲ့ ပုံစံကို မရမက ရှာကြံပြီး တင်ပေးလိုက်ပါတယ်..

ဒီနှစ် မီးပုံးပျံကွင်းသစ်နဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးမှာ ပါဝင်မဲ့ အကြောင်းအရာတွေအားလုံးကို သက်ဆိုင်တဲ့ သူတွေဆီမှာ မေးမြန်းခဲ့ပြီး၊ အားလုံးကို တစ်ဆင့် ပြန်ပြောပြချင်ပေမဲ့လဲ အရသာ ပျက်မှာ ဆိုးလို့ အကုန်လုံး မပြောပြတော့ပါဘူး.. ဘာတွေ တွေ့ရမလဲ၊ ဘာတွေ မြင်ရမလဲ၊ ဘာတွေ ပါမလဲလို့ စောင့်စားပြီး ရင်ခုန်ရတာကို အားလုံးက ပိုပြီး သဘောကြကြမယ်လို့လဲ ယူဆပါတယ်.. အဲ့ဒါကြောင့် တစ်ချို့တစ်ဝက်လောက်ပဲ အရိပ်အမြွက် ပြရုံပြပြီး တကယ့်ပွဲတော်ကြီးကြမှပဲ မျက်ဝါးထင်ထင်၊ အားပါးတရ ခံစားကြပါလို့ ပြောလိုပါတယ်.. အခုအချိန် မှာလဲ အချို့ အစိတ်အပိုင်းတွေက မပြီးသေးတော့ အားလုံးက ဖြစ်နိုင်ပါ့မလား၊ ဟုတ်နိုင်ပါ့မလားလို့ သံသယတွေ ဖြစ်ကြမှာလဲ စိုးရိန်မိလို့ပါ..

ဆောင်းဝင်လာပြီဖြစ်လို့ အေးစိမ့်တဲ့ လေပြေလေးက တိုးဝေ့လို့ နေပါတယ်.. ပထမအကြိမ်က မုတ်သုံလေကို အရှုံးပေးလိုက်ရတဲ့ မီးအဖွဲ့အတွက်တော့ ဒီကနေ့က အံတုစရာ လေရူး ကင်းလွတ်လို့ နေပါတယ်.. မောင်းသံ၊ အိုးစည်သံတွေနဲ့ အတူ လူတွေအားလုံးက ကွင်းအတွင်းမှာ မြင်တွေ့နေကြပုံစံတွေ အတိုင်း ပျော်ရွှင်မြူးတူး နေကြပါတယ်.. လာရောက်ကြည့်ရှူတဲ့ ပရိတ်သတ်ကလဲ အုံ့အုံ့ ကျက်ကျက် ပါပဲ..


မီးပုံးပျံ စတင်ပြီး မှိုင်းထည့်တဲ့ အချိန်ကနေ မှိုင်းပြည့်တဲ့ အချိန်အထိ လေကငြိမ်သက်လို့နေပါတယ်.. ရှမ်းဒိုးသံ၊ လေပြေအေးနဲ့ အားလုံးက Usual အတိုင်းဖြစ်နေတော့ မီးပုံးပျံကြီး မှိုင်းဝသွားတဲ့ အချိန်အထိတော့ လာကြည့်တဲ့ သူတွေကို ရင်ခုံအောင် ဘာကမှ မလုပ်နိုင်သေးပါဘူး.. မကိုင်လှုပ်နိုင်သေးပါဘူး.. ဒါပေမဲ့ ဘာရသတစ်ခုမှ မပေးနိုင်တဲ့ မီးပုံးပျံလွှတ်တင်မှုမျိုး မရှိဘူးလို့ ဆိုရမလောက်အောင်ဘဲ အခုပွဲကလဲ မတူညီတဲ့ ခံစားချက်မျိုး ပေးခဲ့ပါသေးတယ်..

မီးစာ


မီးပုံးပျံကြီး မှိုင်းတွေဝလို့ မီးကျည်တွေ ချိတ်ဆွဲမယ်လုပ်တဲ့ အချိန်အထိ၊ ၅ပေကျော်ရှည်တဲ့ မီးစာက မီးကောင်းကောင်းမဆွဲသေး.. မီးပုံးပျံကလဲ ရုန်းအား မရှိသေး.. အပြင်က လိုက်ပေးနေတဲ့ မီးမှိုင်းအပြင်ကို အဓိက အတွင်းမီးစာက မီးပုံးပျံကို မှိုင်းမပေးနိုင်သေး.. မီးဆရာတွေကလဲ ၀ိုင်းဝန်းပြီး လုံလောက်တဲ့ လောင်ကျွမ်း မှုရအောင် မီးမြှိုက်ပေမဲ့လဲ. မီးစာက မီးမစွဲ.. အနည်းငယ်သာ လောင်သေးတယ်.. အောက်က မီးကျည်တွဲကို ချိတ်ဆွဲပြီး လွှတ်ဖို့ ကြံတဲ့ အချိန်အထိ.. မီးစာက အပြည့်အ၀ မလောင်နိုင်သေး.. မီးပုံးကို နေရာတစ်ဖြည်းဖြည်း ရွှေ့သွားတဲ့ အချိန်တိုင်အောင် မီးစာက အလုပ်မလုပ်သေး..


ကြည့်နေရတဲ့ ကျွန်တော်လဲ အားမလို အားမရဖြစ်လို့.. ကျန်တဲ့သူတွေကလဲ အဲ့ဒါကို သတိထားမိပြီး တီးတိုးတီးတိုး စကားတွေ ဆိုကြလို့.. ပထမအကြိမ်က စိတ်အပျက်ကြီး ပျက်ခဲ့ကြရတဲ့သူတွေ အတွက် ဒီနေ့လဲ အဲ့လိုမျိုး မကြုံစေချင်ကြမှာလဲ အမှန်ပါပဲ.. တစ်ဖြည်းဖြည်း စောင့်ကြည့်ရင်းနဲ့ မီးစာက စတင်အလုပ်လုပ်လာပါတယ်.. မီးပုံးပျံလဲ ရှုန်းစပြုပါပြီ.. ကျွန်တော်လဲ အောင်မြင်ပါစေလို့ ဆန္ဒပြုရင်း ရင်တမမနဲ့ မင်သက်ကြည့်နေမိပါတယ်..


အဲ့ဒီလို ကြည့်နေရင်းပဲ မီးပုံးပျံကြီးက မီးဆရာတွေရဲ့ လက်ကလွတ်လို့ လေပြင်ထဲကို တည်တည်ငြိမ်ငြိမ်နဲ့ တက်လို့ သွားခဲ့ပါတယ်.. မီးကျည်ရဲ့ မီးစကိုလဲ ရှို့လွှတ်လိုက်ကြပြီဖြစ်တဲ့ အတွက် မီးကျည်အလှတွေ စပြီး ပြလာပါတာ်.. ပထမအကြိမ်က အစွမ်းမပြလိုက်ရတဲ့ ယမ်းမီးတွေကတော့ အတိုးချပြီး လောင်ကျွမ်းလေသလား မသိ.. တရစက် မရက်မနား ဖြာကြ လွင့်စင်နေပါတယ်.. အားလုံးကလဲ ၀မ်းပန်းတသာဖြစ်လို့ လက်ခုတ်လက်ဝါးတီး အားပေးနေကြပါတယ်..


ယမ်းချိန် (၁၄)ပိဿာ ကျော်ကျော်လောက်ပဲ လေးတဲ့ မီးကျည်တွေက အတောမသတ် မရပ်မနား ပေါက်ထွက်နေတာ အချိန်တော်တော်လေး ကြာပါတယ်.. အလှမျိုးစုံကိုလဲ မရိုးရအောင် ပြသလို့ မီးဆရာလဲ ၀မ်းသာနေမှာ အမှန်ပါပဲ.. ကျွန်တော်တို့ ပွဲကြည့်နေသူတွေ အတွက်လဲ အာသာပြေအောင် မီးပုံးပျံကြီးက အရသာ ပေးစွမ်းနိုင်ခဲ့ပါတယ်.. တည်တည်ငြိမ်ငြိမ် တရွေ့ရွေ့နဲ့ အမြင့်ကို ထိုးတက်နေတဲ့ မီးပုံးပျံကြီးက အလှမျိုးစုံ ဝေဖြာလို့ နေပါတယ်..


ပွဲလာကြည့်တဲ့သူတွေလဲ နှစ်ချိုက်ပြီး သဘောတွေ့သွားကြပါတယ်.. အားလုံးစိတ်ထဲမှာလဲ အရင်က စိုးထိတ်နေကြတဲ့ သံသယတွေ ကင်းလို့ မီးပုံးပျံကွင်းသစ်အတွက် အပြည့်အ၀ လက်သင့်ခံနိုင်ကြမယ်လို့ ကျွန်တော် ထင်မိပါတယ်..

အားလုံးက ပွဲပြီးသွားပြီ အထင်နဲ့ လှည့်ပြန်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့.. မမျှော်လင့်ထားခဲ့တဲ့ အဖြစ်အပျက်တစ်ခုက အားလုံးရဲ့ ဦးခေါင်းကို ကွင်းအလယ်ဆီသို့ ပြန်လည်လာဖို့၊ ခြေဦးတွေကို ကွင်းဆီကို ပြန်လှည့်လာဖို့ ဖမ်းစားလိုက်ပါတယ်.. အဲ့ဒီ အဖြစ်အပျက် ကတော့..

မီးပုံးပျံရဲ့ မီးကျည်တွေ ဖြာကြနေပုံတွေကတော့ အဆင်မပြေတဲ့အတွက် မဖော်ပြလိုက်တော့ပါဘူး.. စိတ်ကူးထဲမှာပဲ မြင်ရောင်ကြည့်လိုက်ကြပါ.. အပြင်ကလိုပဲ လှလှပပ ပုံဖော်ကြည့်နိုင်မယ်လို့ ယုံကြည်ပါတယ်.. :)

ရဲမြန်မာ


Read more!

Friday, October 26, 2007

သီတင်းကျွတ်ည

ဒီနေ့က သီတင်းကျွတ် လပြည့်နေ့ဆိုတော့ ကျွန်တော်လဲ တစ်နေ့လုံး ဘုရားတွေ အနှံ့ရောက်ဖြစ်ခဲ့ ပါသေးတယ်.. စည်ကားများပြားနေတဲ့ လူအုပ်တွေကို ဘုရားတိုင်း လိုလိုမှာ တွေ့ခဲ့ရပါတယ်..

ကျွန်တော် ညဘက်ကြတော့ ဆီမီး (၉၀၀၀)နဲ့ ၀တ်ရွတ်ပူဇော်ပွဲတွေ ရှိတဲ့ စူဋ္ဌာမုနိဘုရား ကုန်းတော်ကို ရောက်ဖြစ်ခဲ့ပါတယ်.. ပွဲတော်ကြီးလိုမျိုး မဟုတ်ပေမဲ့လဲ ဆီမီး (၉၀၀၀)လှူတာနဲ့ ၀တ်ရွတ်ဖို့အတွက် ဘုရားရင်ပြင်တော် ပေါ်မှာတော့ လူကြီး၊ လူလတ်၊ လူငယ် အစုံပဲ စည်ကားစွာ ရောက်နေကြပါတယ်.. ရင်ပြင်တော်တလျှောက်မှာတော့ ဆီမီး (၉၀၀၀) ပူဇော်ပွဲ ဆိုတဲ့ စာတမ်းနဲ့ အတူ သရုပ်ဖော်ထားတဲ့ ဆီမီးခွက်တွေကို လှပ သေသပ်စွာနဲ့ တွေ့ခဲ့ရပါတယ်..



ည(၆)နာရီ ခွဲလောက်ရောက်တော့ နမောတသ (၃) ကြိမ် ၀ိုင်းဝန်းရွတ်ဆိုကြပြီး စတင်လို့ မီးထွန်းညှိကြ ပါတယ်.. ပြင်ဆင်ချိန် နဲသွားတဲ့အတွက် ရေနံဆီ မီးခွက်တွေ အစား ဖရောင်းတိုင်တွေနဲ့ ပူဇော်ခဲ့ကြရတာ ဖြစ်ပါတယ်.. အဲ့ဒါကြောင့် ဘုရားကုန်းတော်ပေါ်မှာ တိုက်တက်တဲ့ လေပြင်းကို အံတုပြီး ဖရောင်းတိုင်တွေ လင်းရဖို့အတွက် ပရိသတ်ပေါင်းများစွာက ကြိုးစားပမ်းစား ထွန်းညှိခဲ့ကြရတာ တွေ့ခဲ့ရပါတယ်.. ကျွန်တော်လဲ လေကပဲတိုက်နိုင်မလား ကိုယ်ကပဲ ထွန်းနိုင်မလားဆိုပြီး လေနဲ့အပြိုင် ၀င်ရောက် ထွန်းညှိခဲ့ပါသေးတယ်.. အချိန်ဆိုတာတွေ ဘယ်၍ဘယ်မျှ ကုန်သွားခဲ့တယ်တောင် မမှတ်မိခဲ့ပါဘူး.. ဘုရားပေါ်လာရောက်တဲ့ ဘုရားဖူးတွေကလဲ ဆီမီးထွန်းတဲ့ သူတွေကို လေကာပေးပြီး ၀ိုင်းဝန်းကူညီခဲ့ကြပါတယ်..

ဘုရားရှင်ကို ရည်စူးပြီး ပူဇော် ထွန်းညှိရတာဖြစ်လို့ ဘယ်နှာခါမှန်းမသိ ငြိမ်းနေတဲ့ ဖရောင်းတိုင်တွေကို စိတ်ရှည်လက်ရှည် မညီးမညူ ထွန်းညှိပူဇော်ခဲ့ ကြတဲ့သူတိုင်း ပီတိဖြစ်ကြရမှာ အမှန်ပါပဲ.. ဆီမီးတွေ ထွန်းနေတဲ့ အချိန်မှာပဲ ဓမ္မစကြာတရားတော်ကို ၀တ်ရွတ်အဖွဲ့ (၈)ဖွဲ့က သံပြိုင်ရွတ်ဆိုရင်း ဘုရားရှင်ကို ရည်မှန်းလို့ သီကြူးနေသံကိုလဲ ကြားနေရတာ စိတ်ချမ်းမြေ့ဖို့ အလွန်ကောင်းပါတယ်.. လေဝေ့တွေကြားကနေ ထိန်လင်းလာတဲ့ အလင်းရောင်များဟာလဲ ခဏတာပဲ ခံမှာ ဖြစ်ပေမဲ့လဲ အဲ့ဒီ အချိန်ပိုင်းလေး လင်းလက်သွားမှာကို ကြည့်ရှုရတာ စိတ်ချမ်းသာလို့ မဆုံးပါဘူး..

ညတော်တော်လေးကြာတော့ ဘုရားပေါ်ကနေ ကျွန်တော်ပြန်လာခဲ့ပါတယ်.. လမ်းတလျှောက်မှာတော့ ဆိုင်ကယ်တွေ အများကြီး ဘုရားဘက်ကို ဦးတည်သွားနေတာ တွေ့ခဲ့ရပါတယ်.. အစကတော့ စူဋ္ဌာမုနိဘုရားကို သွားတယ်ထင်ခဲ့မိတာ နောက်တော့မှ မီးပုံးပျံကွင်းသစ်ကို ချီတက်နေကြတာ ဖြစ်မှန်း သိလိုက်ရပါတယ်..

ယနေ့ည ကွင်းသစ်မှာ အပျော်တမ်း မီးပုံးပျံတွေ စမ်းသပ်လွတ်တင် ကြတယ်လို့ ကြားခဲ့ရပါတယ်.. တော်တော်များများလဲ အောင်မြင်စွာ လွတ်ခဲ့နိုင်တယ်လို့ ပြောသံကြားရပါတယ်.. လာကြည့်တဲ့ သူတွေနဲ့ စည်ကားပြီး ပွဲတော်ကြီးလို ဖြစ်နေတယ်လို့လဲ ပြောကြပါတယ်.. တောင်ကြီးမြို့ ကောင်းကင်မှာလဲ မီးပုံးပျံ အရွယ်စုံ လွှတ်တင်နေကြတာ မြင်တွေ့ရပါတယ်.. မိုးချုပ်သွားတဲ့အတွက် မီးပုံးပျံကွင်းကို မသွားနိုင်တော့ပေမဲ့ ကျွန်တော်လဲ အိမ်မှာ မီးပုံးပျံလေးတွေ လွှတ်တင်ဖြစ်ခဲ့ပါသေးတယ်.. စိတ်တွေကို မီးပုံးပျံတွေနဲ့ အတူ လွင့်မြောလွှတ်လိုက်ရင်း ကိုယ်ကိုယ်တိုင်လဲ လေဟာနယ်ထဲ စီးဆင်းသွားသလိုနဲ့ ကြည်နူးဖို့ ကောင်းတာ အမှန်ပါပဲ..

မနက်ဖြန်ညမှာတော့ တရားဝင် မီးပုံးပျံ စမ်းသတ် လွှတ်တင်ဖို့ ရှိပါတယ်.. နောက်ပြီး ဖွင့်ပွဲမှာ အသုံးပြုမဲ့ ယမ်း၊ မီးရှူးမီးပန်းတွေကိုလဲ စမ်းသပ်ဖောက်လွှတ်မယ်လို့ သိရပါတယ်.. ဒီနေ့ မရောက်ဖြစ်ခဲ့ပေမဲ့လဲ မနက်ဖြန်တော့ အရောက်သွားပြီး ကြည့်ရှုလေ့လာ လိုက်ပါဦးမယ်..

အခုတော့ ဘုရားသွားတုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံအချို့ကို တင်ပေးလိုက်ပါတယ်.. ကင်မရာက ညဘက် ရိုက်လို့ သိပ်မကောင်းတဲ့ အတွက် တစ်မြို့လုံးအနှံ့ကို ပြည့်ပြည့်စုံစုံ မပြနိုင်ဘဲ ဖြစ်သွားတာကိုလဲ စိတ်မရှိကြပါနဲ့လို့ ပြောချင်ပါတယ်..

အားလုံးပဲ သီတင်းကျွတ် လပြည့်နေ့မှာတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွင်ကြည်နူးနိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..


Read more!

၂၀၀၇ခုနှစ် သီတင်းကျွတ် မီးထွန်းပွဲတော်

မြန်မာနှစ်ရဲ့ (၇)လမြောက် သန်တူ (သီတင်းကျွတ်)ဟာ စက်တင်ဘာလ - အောက်တိုဘာလမှာ ကျရောက် ပါတယ်။ `သန်´က စပါးပင်ကို ရည်ညွှန်းတယ်။ `တူ´ဟာ ထူဖြစ်ပြီး စပါးပင်များ ထူထူ ထောင်ထောင် ပေါက်ရောက်လျှက်ရှိပြီလို့ ဆိုလိုတယ်။ အဲ့ဒီလို အပင်တွေ အောင်မြင်လို့မို့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အခု သီတင်းကျွတ် ခေါ်တာဟာ ရဟန်းသံဃာတွေ ၀ါဆိုကြရာက ပြီးဆုံးပြီလို့ အဓိပ္ပာယ် ရပါတယ်။ ဒီလရဲ့ အထိန်းအမှတ်က ကြာဖြူ (Nymphaea lotus) ဖြစ်ပါတယ်။

မြန်မာသမိုင်းပုံဆိုတဲ့ စာအုပ်မှာ ပါတဲ့ ခေတ်ဦး မြန်မာ ပြက္ခဒိန် အခန်းထဲက သန်တူလို့ အရင်က ခေါ်ခဲ့ကြတဲ့ (သီတင်းကျွတ်) လ အကြောင်းလေးကို ဖော်ပြလိုက်တာပါ။ ဒီနေ့ကတော့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါတယ်။ တောင်ကြီး တစ်မြို့လုံးမှာ ရှိတဲ့ သူတွေ ဘုရားသွား ကျောင်းတက်နဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ နေတစ်နေ့ပေါ့။ လူတွေအားလုံးက မြို့ပေါ်က ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောင်ပေါ်က ဘုရားတွေ၊ ကျောင်းတွေကို အစု၊ အစုနဲ့ အလျှိုအလျှို သွားနေကြပါတယ်။ တောင်ပေါ်တက်တဲ့ လမ်းတစ်လျှောက်မှာ တရွေ့ရွေ့နဲ့ သွားနေကြတဲ့ လူအုပ်ကြီးကို တွေ့နိုင်ပါတယ်။

ညကြရင်လဲ တစ်မြို့လုံး မီးတွေထွန်းလို့ ထိန်လင်းနေဦးမှာ ဖြစ်ပါတယ်။ ဘုရားစေတီတွေမှာလဲ ဆီမီးလင်းလို့ သာနေဦးမှာ ဖြစ်ပါတယ်။ ယနေ့ည စူဋ္ဌာမုနိဘုရားမှာ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲနဲ့ ၀တ်ရွတ်ပွဲရှိတယ်လို့ သတင်း ကြားမိပါတယ်။ တစ်ခြားတစ်ခြားသော ဘုရား စေတီတွေမှာလဲ အလားတူ ပွဲတွေ လုပ်ကြမယ်နဲ့ တူပါတယ်။ တန်ဆောင်တိုင် မီးပုံးပျံ ကွင်းသစ်မှာလဲ မြေသန့်စင်တဲ့ ၀တ်ရွတ်ပွဲတွေ လုပ်မယ်လို့ သိရပါတယ်။

တောင်ကြီးမြို့မှာ သီတင်းကျွတ်အတွက် မြို့လုံးကျွတ် ပွဲတော် လုပ်လေ့မရှိပေမဲ့ တစ်ဦးစီ၊ တစ်ဖွဲ့စီ၊ တစ်အိမ်စီနဲ့ ကိုယ်စီကိုယ်စီ ပြုလုပ်ကြတဲ့ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲတွေ၊ မီးထွန်းပွဲတွေ တော့ ရှိကြပါတယ်။ သေချာ ပါတယ်၊ ၂၀၀၇ခုနှစ် သီးတင်းကျွတ်လပြည့်နေ့ ဒီညကတော့ တောင်ကြီးတစ်မြို့လုံး ကောင်းမှု တရားတွေနဲ့ ထိန်ထိန်သာနေမဲ့ အလင်းဝေဖြာသော ညတစ်ည ဖြစ်ပါလိမ့်မယ်။


Read more!

Wednesday, October 24, 2007

ITPEC Exam Time Table


ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပမဲ့ ITPEC (FE) Exam Time Table ထွက်လာခဲ့ ပါပြီ။

အရင်က ရန်ကုန်နဲ့ မန်းမှာပဲ Exam Center ရှိခဲ့ရာက ဒီနှစ် ကွန်ပျူတာပညာရှင်အသင်း ရှမ်းပြည်နယ်က ဦးဆောင်ပြီး ကြိုးပမ်းပေးခဲ့လို့ ပထမဦးဆုံး Exam Center ဖွင့်လှစ်ခွင့် ရခဲ့ပါတယ်။ Exam ဖြေဆိုဖို့ လူဦးရေကလဲ (၃၀)ကျော်ရရှိ နေပြီလို့ သိရပါတယ်။ International Recognized Exam Center တစ်ခု တောင်ကြီးမှာ လွယ်လင့်တကူ ဖြေဆိုနိုင်ပြီဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေ သာမက၊ တစ်ခြား Computer Field ထဲက သူတွေ အတွက်ပါ အမြောက်အမြား အကျိုးကျေးဇူးတွေ ရလာတော့မှာ ဖြစ်လို့ ၀မ်းမြောက်ဝမ်းသာနဲ့ သတင်းကောင်း ပါးလိုက်ရပါတယ်။

ITPEC Exam အကြောင်းသိလိုရင်တော့ http://www.itpec.org/ မှာ ကြည့်ရှု လေ့လာနိုင်ပါတယ်။


Read more!

Monday, October 22, 2007

ကျွန်တော်နှင့် ပလောင်လူမျိုးများ

ကျွန်တော်လေ ဘာဇာတာများ ပါလာလို့လဲ မသိပါဘူး.. ခရီးတွေ တော်တော်သွားခဲ့ရပါတယ်.. တိုတို၊ ရှည်ရှည် တစ်လကို ၂ခေါက် ၃ခေါက်လောက် အမြဲလျှောက်သွားဖြစ်ပါတယ်.. အဲ့ဒီလိုမျိုး လျှောက်သွားရင်းနဲ့ မတွေ့ဖူးတာတွေ တွေ့ရ၊ မမြင်ဖူးတာတွေ မြင်ရတတ်ပါတယ်.. အခုတော့ ကျွန်တော် ခရီးသွားရင်း ရောက်ဖြစ်ခဲ့တဲ့ ပလောင်ကျေးရွာ က ပလောင်လူမျိုးတွေ အကြောင်း ကိုယ်တွေ့လေး ပြောပြမလို့ပါ..



ဟိုးတစ်လောက မိုင်းကိုင်ဘက် သွားရင်း လမ်းမှာ ပလောင်ရွာလေး တွေ့လို့ ကျွန်တော်တို့ အဖွဲ့တွေ ပါလာတဲ့ မုန့်တွေပေးရင်း အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်.. ပလောင်လူမျိုးဆိုတာ ပုံတွေ ထဲမှာပဲ တွေ့ဖူးခဲ့ပြီး သူတို့ အကြောင်း သေသေချာချာ မသိခဲ့ဘူးလေ.. အခု ကိုယ်တိုင် မြင်ခဲ့၊ စုံခဲ့ရတော့မှ သူတို့တစ်တွေက တကယ်ကို ရိုးစင်းတဲ့ တိုင်းရင်းသားတွေ ပါလားလို့ သိခဲ့ရပါတယ်.. ကျွန်တော် အရင်ကထင်ခဲ့တာ တစ်ခုရှိတယ်.. တိုင်းရင်းသားတွေဆိုတာ သူတို့ ၀တ်စုံကို အခန်းအနားတွေရှိမှ.. ပွဲတွေ သွားမှ ၀တ်တယ် ထင်ခဲ့တာ အခု ရှမ်းပြည်ရောက်လို့ တိုင်းရင်းသားတွေနဲ့ တွေ့မှပဲ အိမ်နေရင်းလဲဝတ်.. အမြဲတမ်းလဲ ၀တ်တတ်ကြတယ်ဆိုတာ သိရပါတော့တယ်..

ပလောင်လူမျိုးတွေကလဲ သူတို့ ၀တ်စုံကို အမြဲဝတ်တဲ့ လူမျိုးဖြစ်ပါတယ်.. သူတို့ရဲ့ ၀တ်စုံကတော့ Unique ဖြစ်တယ်လို့ ထင်ပါတယ်.. အမျိုးသားတွေကလဲ ဆံပင်တွေ အရှည်ကြီးတွေ ထားတာ တွေ့ရပါတယ်.. နားကပ်ကြီးတွေကို အမျိုးသားရော.. အမျိုးသမီးရောအကုန် ၀တ်ကြပါတယ်.. နဲနဲနောနော် မဟုတ်တဲ့ နားကပ်တွေ ပါပဲ.. နောက်ပြီး ကလေးမွေးပြီးတဲ့ အမျိုးသမီးတွေက ဂတုံး တုံးရတယ်လို့ သိရပါတယ်.. အဲ့ဒါကြောင့် ဆံပင်ရှိတဲ့ သူတွေက အပျိုတွေလို့ ခန့်မှန်းလို့ရပါတယ်.. ဂတုံးတုံးထားတဲ့ အမျိုးသမီးတွေက ပိတ်စ အဖြူကို ခေါင်းမှာ ပတ်ထားတာ တွေ့ခဲ့ရပါတယ်..

ပတောင်လူမျိုးအားလုံးမှာ ထူးခြားတာ နောက်တစ်ခု တွေ့ခဲ့ရပါသေးတယ်.. အဲ့ဒါကတော့ သွားအလှ ဆိုက်ကြတာပါပဲ.. သူတို့ရဲ့ သွားတွေကို ရွှေကပ်တွေ တက်ထားပြီး အဲ့ဒီ ရွှေသွားကပ်မှာ ပုံတွေ ဖော်ထားတာ ထူးထူးခြားခြား တွေ့ခဲ့ရပါတယ်.. သူတို့က ဆေးလိပ်သောက်တော့ သွားတွေ မလှလို့ လှအောင် ရွှေသွားတွေနဲ့ အလှဆင်ထားတာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်.. မြို့ကသွားဆရာဝန်က လာပြီး အလှဆင်ပေးတယ်လို့ သိခဲ့ရပါသေးတယ်.. နောက်ပြီး သူတို့ရဲ့ အိမ်တွေကလဲ တစ်ခြား အိမ်တွေနဲ့မတူပဲ ခြေတံရှည် အိမ်ရှေ့မှာ ကွပ်ပစ် အမိုးလွတ်တွေ ရှိတာတွေ့ခဲ့ရပါတယ်..

သူတို့ ရွာက ကားလမ်းဘေးမှာ ရှိလို့ ကျွန်တော်တို့ အဖွဲ့ကားတွေရပ်ပြီး မုန့်တွေ ပေးရအောင်ဆိုပြီး ဆင်းခေါ်တော့ သူတို့တွေ အသီးသီး အိမ်ထဲ ပြေးဝင်ကြတယ်လေ.. ဘယ်လိုမှ ခေါ်လို့မရဘူး ဖြစ်သွားတယ်.. လူစိမ်းတွေ တွေ့တော့ သူတို့လဲ လန့်ပြီး ပြေးဝင်ကြတယ်နဲ့ တူပါတယ်.. ကျွန်တော်တို့ အဖွဲ့ကလဲ လူက အများကြီးလေ.. အဲ့ဒါနဲ့ပဲ မြန်မာလို တက်တဲ့သူကို ကူပြီးတော့ ခေါ်ပေးဖို့ ပြောတော့မှ၊ လက်ဆွဲပြီး လိုက်ခေါ်တော့မှ မလာချင်လာချင်နဲ့ ရောက်လာကြပါတယ်..

အစက ကျွန်တော်တို့ ပေးတာ ဘာမှန်း မသိတော့ မယူကြဘူး.. နောက် သေသေချာချာ ရှင်းပြတော့မှ ယူကြတယ်.. တဖြည်းဖြည်းနဲ့ လူစုလိုက်တာ အများကြီး ဖြစ်လာပါတယ်.. ကျွန်တော်တို့တွေလဲ ပလောင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ကြ.. မုန့်တွေ ပေးလိုက်ကြနဲ့ ပျော်ခဲ့ကြရပါတယ်.. သူတို့လဲ ပျော်လာကြပါတယ်.. နောက်တော့ ကျွန်တော်တို့က ရိုက်ထားတဲ့ သူတို့ ပုံတွေ ပြန်ပြတော့ သူတို့တွေ ရီကြတယ်.. ပုံမှာ သူတို့ကိုယ်သူတို့ တွေ့တော့ အလုအရက် ၀ိုင်းကြည့်ကြတယ်.. ပလောင်မိန်းကလေးတွေကလဲ သူတို့ပုံတွေ တွေ့တော့ အသံထွက်ပြီးတော့တောင် ရီကြသေးတယ်..

အဲ့ဒီလိုနဲ့ သူတို့ရဲ့ ရိုးသားတဲ့ စိတ်ရင်းတွေကြောင့် ကျွန်တော်တို့တွေ ပျော်ရွှင်ခဲ့ကြရပါတယ်..

နေရာဒေသကွဲလို့ အခြေအနေတွေ မတူဘဲ၊ အလေ့စရိုက်တွေ မတူဘဲ.. ပုံစံတွေ ကွဲလွဲခဲ့ကြပေမဲ့လဲ.. ဒီမြေမှာ နေတာခြင်းတူ၊ လူမျိုးတစ်ခုတဲက ဆင်းသက်လာကြတာခြင်းတူ၊ စိတ်ထားတွေ တူကြတဲ့.. သွေးချင်းတွေ ဖြစ်တာမို့ အားလုံးဟာ မိနစ်ပိုင်းလေး အတွင်းမှာပဲ ရင်းနီးသွားခဲ့ကြပါတယ်.. ကျွန်တော့စိတ်ထဲမှာလဲ ကိုယ့်ရဲ့ အရင်းအခြာ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပြန်တွေ့ရသလို ခံစားခဲ့ရပါတယ်..

သူတို့ရွာ အပြန်လမ်းမှာဖြင့် ကျွန်တော့ စိတ်ထဲ ပျော်ရွင်မှုတွေ၊ ချမ်းမြေ့မှုတွေ.. နွေးထွေးမှုတွေ ရရှိခံစားလိုက်ရ သလို.. ကြည်နူးခဲ့ရပြီး.. နောင်အမြဲပဲ အောက့်မေ့ အမှတ်ရဖြစ်နေတော့မှာ သေချာပါတယ်..

ကျွန်တော်လဲ သူတို့နဲ့ တွဲဖက်ပြီး ဓာတ်ပုံ ရိုက်ခဲ့ပါသေးတယ်.. ကျွန်တော်က ပလောင်တွေထက် ရုပ်ပိုဆိုးနေလို့ ဖျက်ထားလိုက်ပါတယ်.. ၁၇ ပုံမြောက်က ကျွန်တော် သူတို့နဲ့ တွဲရိုက်ထားတဲ့ ပုံပါ.. :)


Read more!

Mwe Daw - Kakku

The discovery of ancient Pagoda Complex


Kakku is a newly discovered pilgrimage tourism site which lies about 40km south of Taunggyi. This ancient Pagoda Complex known as Mwe Daw Kakku, about (306) meters in Length and (150) meters in width contains over (2500) Pagodas clustered in a small valley, surrounded by thick woods and lush meadows.

The Kakku Pagoda Festival is held twice yearly: one on the fullmonday of Tazaungmone (November) and the other on the full moon of Tabaung (March) when thousands of Pa O nationals camp out for three days to celebrate their holiest festival of the year.

Kakku is a fascinating place to visit, a place of deep devotion which dates back to traditional beliefs and ancient customs. Kakku is a rare discovery for all travelers visiting Myanmar.

Source: Visitor's Guide - Shan of MHT


Read more!

မွေတော်ကက္ကူ ပုံများ



မွေတော်ကက္ကူ နဲ့ ပါတ်သတ်ပြီး ဓာတ်ပုံတွေ တော်တော်များများ တင်ပေးခဲ့ပြီးဖြစ်ပါတယ်.. ဒါပေမဲ့လဲ အခုတစ်ခါကတော့ သမားရိုးကျ မြင်တွေ့နေကြမဟုတ်တဲ့ ပုံတွေကို ဂျောင်ဂျိုဂျောင်ဂျားတွေ သွားပြီး လိုက်ရိုက်ထားပါတယ်.. လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ရုပ်ပုံတွေကို အဓိကထားပြီး ရိုက်ဖြစ်ခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်.. ခါတိုင်း ရိုက်ဖြစ်ခဲ့တာကလဲ ဘုရားတွေ အနှံ့ မပါပါဘူး.. အခုတစ်ခေါက်မှာတော့ ရှိတဲ့နေရာတွေ အဆုံရောက်အောင် သွားပြီး ရိုက်ယူခဲ့တာပါ..

နောက်ပြီး ဘုရားစေတီတွေ ကြားထဲမှာ ရင်ပြင်တော်ခင်းနေတာလဲ တွေ့ခဲ့ရပါတယ်.. အရင်ကဆိုရင် စေတီတော်တွေ တစ်ဆူနဲ့ တစ်ဆူကြားထဲမှာ လမ်းမရှိလို့ သွားရတာ ခက်ပါတယ်.. အခုတော့ တစ်ချို့နေရာတွေ Block တွေမှာ အုတ်နဲ့ ကြမ်းခင်းနေတာကြောင့် တော်တော်လေးလဲ အဆင်ပြေပါတယ်.. လှူဒါန်းလိုသူတွေကလဲ 1 Block ကို ၈၀၀၀၀ကျပ်နဲ့ လှူဒါန်းနိုင်ပါတယ်.. ဘုရားဝန်းထဲမှာရှိတဲ့ နေရာကွက်လပ်တွေတိုင်းကို ကြမ်းခင်းမယ်လို့ သိရပါတယ်.. နောက်ပြီး ပြင်ဆင်ဖို့ ကျန်ရှိနေသေတဲ့ စေတီတော် အရေအတွက်ကလဲ (၃၀၀) ကျော်တောင် ကျန်နေသေးတယ်လို့ သိရပါတယ်.. စေတနာ သဒ္ဒါပေါက်သူများ လှူဒါန်းနိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်..

ကျွန်တော်လဲ Camera တစ်ခုကိုင်ပြီး ရူးများရူးသွားပြီလား မသိတော့ပါဘူး.. မြင်သမျှအရာတွေကို လိုက်ရိုက် ချင်စိတ်ဖြစ်တာ ထိန်းလို့ကိုမရဘူး.. တွေ့တာတွေ အကုန်လုံး လိုက်ရိုက်နေတော့ အခြားမြင်တဲ့သူတွေကတော့ ဘယ်လို ထင်မလဲ မသိတော့ဘူး.. :)


Read more!

Sunday, October 21, 2007

၂၀၀၇ ခုနှစ် တောင်ကြီးမြို့ မဟာဘုံကထိန် နှင့် တန်ဆောင်တိုင်ပွဲတော် စည်းကမ်းချက်များ



Read more!

မီးပုံးပျံပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများ








မီးပုံးပျံပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ဗဟုသုတ ရစေရန် ဖော်ပြပေးလိုက်ပါတယ်။


Read more!

2nd ICT Exhibition 2007 (Shan State) ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်) တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်၏ ဒုတိယ အကြိမ် သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ 2nd ICT Exhibition 2007 (Shan State) ကို နိုဝင်ဘာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အဆိုပါပြပွဲကို တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း၊ နိုဝင်ဘာလ ၁၆၊ ၁၇၊ ၁၈ ၃ရက်၊ တောင်ကြီးမြို့တော် ခန်းမနေရာတွင် ကျင်းပမည် ဖြစ်ပါသည်။ တန်ဆောင်တိုင်ပွဲတော်က နိုဝင်ဘာလ ၁၇ရက်နေ့တွင် ဖွင့်ပွဲကျင်းပမှာ ဖြစ်တဲ့အတွက်၊ အဲ့ဒီရက် မတိုင်မီ တစ်ရက် အကြိုမှာ နည်းပညာပြပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက် နည်းပညာပြပွဲတွင် အရောင်းဆိုင်ခန်းများ၊ Game Tournament, ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ နှင့် ဟောပြောပွဲများ ပါဝင်မယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကာလ အတွင်း ရန်ကုန်မြို့မှ ကွန်ပျူတာ ပညာရှင်များ ပါဝင်မဲ့ နယ်လည့် IT Caravan အဖွဲ့မှလဲ လာရောက်ပြီး နည်းပညာဆိုင်ရာ သရုပ်ပြပွဲများ၊ ဟောပြောပွဲများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြပွဲတွင် Yangon, Mandalay နှင့် အခြား ပြည်နယ်နဲ့ တိုင်းများမှ Company များ လာရောက်ပြသရန်အတွက် ပြခန်းပေါင်း ၃၂ခန်းစီစဉ်ပေးထားမှာ ဖြစ်ပြီး ဦးရာလူစနစ်နဲ့ အခန်းတွေကို ရွေးချယ်ရယူနိုင်ကြမှာ ဖြစ်ပါတယ်။ လာရောက်ပြသမဲ့ Company များ သွားလာနေထိုင်ရေး အတွက်လဲ အဆင်ပြေအောင် စီစဉ်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ လာရောက်ပြသမဲ့ Company များ အနေနဲ့ ၃၀ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွားရမှာ ဖြစ်တယ်လို့ MCPA Shan State မှ သိရပါတယ်။


Read more!

Saturday, October 20, 2007

နောင်အင်းလေး


Read more!

Friday, October 19, 2007

ဖောင်တော်ဦးဘုရား ညဈေးတန်း

ဖောင်တော်ဦးဘုရား နေ့ဘက်ပိုင်းက ပုံတွေကို Virtual Tour နဲ့ အရောက်ပို့ပြီးခဲ့ပေမဲ့.. ညဈေးပွဲတော်ပုံတွေ မပါသေးရင် မပြည့်စုံနိုင်သေးဘူးလို့ တွေးမိတာနဲ့ ဒီကနေ့ ညဦးပိုင်းလောက်က ညောင်ရွှေကို တစ်ခေါက် ကျွန်တော် သွားဖြစ်ခဲ့ပါသေးတယ်..

ညဘက်ပိုင်း အပြင်သိပ်မထွက် ဖြစ်တာကြာပြီမို့ မြင်ကွင်းသစ်လေးတွေ မြင်ရသလိုမျိုး စိတ်ထဲခံစားမိတယ်.. ရှုခင်းသာပန်းခြံက ကြိုးတံတားကြီးကလဲ မီးရောင်တွေနဲ့ တောင်အဆင်းလမ်းမှာလဲ တောင်အောက်က အေးသာယာမြို့ကို မီးရောင်တွေနဲ့လေ.. တခြားနိုင်ငံတွေမှာတော့ Light pollution ဖြစ်ကြတယ်တဲ့ ကျွန်တော်တို့ ဆီမှာတော့ အဲ့ဒီအခြေအနေမျိုး Pollution ဖြစ်တာလဲ မရှိသေးပါဘူး.. ပုံမှန်အတိုင်းပါပဲ..

အေးသာယာဂေါက်ကွင်းကတော့ ညဘက်ကြမှ မီးတွေ နဲ့ မြင်တွေ့ရတယ်.. နေ့ဘက်ဆို သတိထားပြီးကြည့်လဲ မတွေ့ရဘူး.. အခုမှပဲ ညမီးရောင်တွေနဲ့ အေးသာယာမြို့ကို မြင်ဖူးတော့တယ်..

ညောင်ရွှေသွားတဲ့ လမ်းတစ်လျှောက်မှာတော့ ဆိုက်ကယ်.. ကား ကိုယ်စီနဲ့တစ်မျိုး အစုလိုက်တစ်ဖုံ ညောင်ရွှေဘုရားပွဲဆီကို ဦးတည်ပြီး ရွေ့လျားနေကြတယ်လေ.. မိနစ် ၃၀လောက်ကြာတော့ ညောင်ရွှေမြို့ကို ရောက်ခဲ့ပါတယ်.. အဲ့ဒီမှာ ဆိုင်ကယ်တွေ အများကြီးပဲ တွေ့ရတယ်လေ.. အနယ်နယ်က အလျှိုလျှို ထွက်လာကြတဲ့ ဆိုင်ကယ်တွေ တန်းစီပြီး တွေ့ရပါတယ်.. ဆိုင်တွေ၊ အိမ်တွေကလဲ ဆိုင်ကယ်အပ်နိုင်သည် ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ပြီး အလုပ်ဖြစ်နေကြတယ်လေ..

ကားရပ်စရာ ရှာပြီး ကျွန်တော်နဲ့ ဦးလေး ညောင်ရွှေဘုရားပွဲဈေးတန်းကို တိုးဝေ့၀င်ရောက်လာခဲ့ပါတယ်.. ပွဲဈေးတန်းတွေကို အရောက်အပေါက် မရှိခဲ့တာ နှစ်နဲ့ ချီနေပြီဖြစ်တဲ့ ကျွန်တော့် အတွက် ရှေ့တစ်လှမ်း တစ်လှမ်းရောက်ဖို့ကို တော်တော်လေး ခက်ခဲနေတယ်.. လူအုပ်တွေထဲ တိုးဝင်ရတာလဲ.. သိပ်တော့ အဆင်မပြေလှပါဘူး.. ဒါပေမဲ့ ဈေးပွဲတော်ဆိုတာကလဲ ဟိုးအရင်ကနေ ဒီကနေ့အထိ ပုံစံ ပြောင်းလဲတာတော့ မရှိသေးပါဘူး.. တွေ့နေမြင်နေကြတွေပါပဲ.. သိပ်လဲ ထူးထူးထွေထွေတော့ မရှိပါဘူး.. အဲ့ဒါကိုပဲ လူတွေ စည်ကားများပြားနေတယ်လေ.. ဒေသခံတွေ အတွက်ကတော့ တစ်နှစ်ပါတ်လုံး အလုပ်တွေ လုပ်ကြပြီး.. ဒီလို ပွဲတော်မျိုးဆိုတာကလဲ တစ်ခါပဲ ရက် ၃၆၀ကျော်မှ တွေ့ရတာဆိုတော့ လာရောက်ပါဝင် ဆင်နွှဲကြတာပေါ့.. လူတွေ အားလုံးရဲ့ မျက်နှာမှာတော့ ပြုံးပျော်ရွှင်မှုတွေပဲ တွေ့ရတယ်လေ.. လမ်းရှောက်ရလို့ ပင်ပန်းတယ်မသိ.. တိုးဝေ့ရလို့ မောပန်းတယ် မထင်နဲ့.. ကျိတ်ကျိတ်တိုးပါပဲ..



ကျွန်တော်တို့ နှစ်ယောက်ကတော့ ညောင်ရွှေကလမ်းတွေနဲ့ အကျွမ်းတ၀င်ကလဲ မရှိ၊ သိလဲ မသိတာနဲ့ မျက်နှာမူရာ တည့်တည့်မတ်မတ်ကြီးပဲ လျှောက်ဖြစ်ခဲ့ပါတယ်.. ပွဲဈေးကလဲ လမ်းကြောတစ်ခုထဲ မဟုတ်.. လမ်းစုံတွေကလဲ များမှများ.. ဘယ်ဘက်ညာဘက် သွားလို့ရတဲ့ နေရာတွေကြီးပဲလေ.. ကျွန်တော်တို့ကတော့ ဘယ်ဘက်မှ မကွေ့ရဲ.. လမ်းပြောက်ရင် ကားရှာမတွေ့ဘဲ ဒုက(ခ) ရောက်မယ်လေ.. ရှေ့တန်းတန်းကြီး လျှောက်ရင်နဲ့ ဖောင်တော်ဦးဘုရား ကိမ်းဝပ်တော်မူနေတဲ့ ကျောင်းတော်ကို အရင်ဆုံး ရောက်ခဲ့ပါတယ်..

ဘုရားကျောင်းဆောင်ထဲ ရောက်တော့ ရွှေသင်္ကန်း ကပ်ဖို့ လှမ်းကြည့်လိုက်တာ.. လူအုပ်ကြီးက အပြည့်.. ၀ိုင်းပြီးတော့ ကပ်လှူနေကြတာ.. (၃) (၄) ထပ် ဘုရားတွေကိုတောင် ဖူးလို့ မရနိုင်.. လူအုပ်ကြီးနား.. သွားပြီး နှစ်ယောက်သား စောင့်နေပေမဲ့လဲ ဘယ်လိုမှ တိုးလို့ မရ.. ကျွန်တော့ဦးလေးက အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့ ဆိုတော့ သူတိုးဝေ့ပြီး.. သင်္ကန်း ကပ်လှူလိုက်တယ်.. (၂)ချပ်ကပ်လို့ ရလိုက်တယ်.. ကျွန်တော်လို ဂျပုကတော့ ဘယ်လိုမှ မဖြစ်နိုင်လို့ အောက်ကနေပဲ ဘုရားဦးချရင်း အသာကြည့်နေရတယ်.. အဲ့ဒီမှာရှိတဲ့ မြို့ခံလူကတစ်ယောက် သူကလဲ ရွှေသင်္ကန်းကပ်မလို့ စောင့်နေတဲ့သူ.. သူကတော့ ပြောတယ်.. ခဏအနား ပေးဦးမှာတဲ့ အဲ့ဒီအချိန်ပြီး ပြန်စရင် အရှေ့ဆုံးက ကပ်လို့ ဖြစ်နိုင်တယ်တဲ့.. အစတော့ သူဘာပြောမှန်း မသိဘူး.. အဲ့ဒါနဲ့ပဲ.. ဘုမသိ ဘမသိနဲ့ ကျွန်တော်တို့ တွေ ရွှေသင်္ကန်းတွေ အိပ်ထဲ ပြန်ထည့်ပြီး.. လက်ယာရစ် ဘုရားကို ပတ်လိုက်တယ်..

အဲ့ဒီ အချိန်မှာပဲ.. ဂေါပကအဖွဲ့က မိုက်နဲ့ အော်ပြောတယ်.. ရွှေသင်္ကန်းကပ်နေတဲ့ အမျိုးသားများ (၃)မိနစ်လောက် ခဏ ဖယ်ပေးကြပါတဲ့.. ရွှေသင်္ကန်းကပ်တာ (၃)မိနစ်လောက် အနားပေးပါတဲ့.. ဘုရား လာဖူးတဲ့သူတွေ မြင်တွေ့ ဖူးမျှော်နိုင်အောင်ပါတဲ့.. အဲ့ဒီမှာ အားလုံးပဲ ခဏ ဖယ်ပေးကြတာ တွေ့လိုက်ရပြီး.. ဆင်းထုတော်တွေကို ဖူးမြင်လိုက်ရပါတယ်.. အဲ့ဒီ အချိန်မှာ ဆင်းထုတော်တွေကို စစ်စည်း လိုက်သုတ်တာ တွေ့ရတယ်.. ရွှေဆိုင်းတွေ မြဲအောင်လို့နဲ့ တူပါတယ်.. (၃)မိနစ်ပြည့်လို့ Bell လဲ ပြန်တီးရော အရင်ကလို လူအုပ်ကြီးနဲ့ ပြည့်သွားပါလေရော.. အဲ့ဒါနဲ့ပဲ ကျွန်တော်တို့လဲ.. ကိုယ်လာခဲ့တဲ့ ဆောင်းတန်းကို ပြန်ရှာပြီး အပ်ထားခဲ့တဲ့ ဖိနပ်ကို ယူလို့ ပွဲဈေးထဲ ခြေဦးလှည့်ခဲ့ပါတယ်.. တွေ့သမျှ မြင်သမျှတွေကိုလဲ ဓာတ်ပုံ ရိုက်ခဲ့လိုက်ပါတယ်..

"Seeing is Believing" ပါတဲ့..
Virtual Tour နဲ့ ထပ်ပြီးတော့ အရောက်သွားလိုက်ကြပါဦး ခင်ဗျာ..


Read more!

အင်းသားရိုးရာလှေပြိုင်ပွဲ (၁)



အင်းသားရိုးရာ လှေပြိုင်ပွဲကို ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့ကို မကြွရောက်ခင် အချိန်လေးမှာ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲတွေ ကျင်းပခဲ့ပါတယ်.. အမျိုးသား၊ အမျိုးသမီး ၄၅တက်လှေပြိုင်ပွဲတွေနဲ့ အမျိုးသား ရာကျော်လှေပြိုင်ပွဲတွေ ပါဝင်ပါတယ်..

ပြိုင်ပွဲပြီးတော့ ရိုးရာဆွမ်းပို့ လှေသရုပ်ပြလှော်ခတ်ပြီး ဆုပေးပွဲ ကျင်းပခဲ့ပါတယ်..

အမျိုးသား၊ အမျိုးသမီး ၄၅တက် လှေလှော်ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ အသင်းက အိုင်ထောင့်ကြီးကျေးရွာ အသင်း ဖြစ်ပါတယ်.. အမျိုးသား ရာကျော်လှေ ပြိုင်ပွဲမှာတော့ မိုင်းသောက်ကျေးရွာအုပ်စုက အနိုင်ရသွားပါတယ်..

လှေပြိုင်နေတုန်း သူတို့တစ်တွေ ညာသံပေးတာ ဘာမှန်းကို ကျွန်တော် မသိလိုက်ဘူး.. အင်းအသံဝဲလို့နဲ့ တူပါတယ်..

လှေပြိုင်ပွဲ ကြည့်ရတာကတော့ တစ်မျိုးပဲ.. စိတ်ထဲမှာ တွေးမိတယ်.. စည်းလုံးခြင်းရဲ့ အင်အားအကြောင်းပါ..

ခြေထောက်နဲ့ပဲ လှော်လှော် လက်နဲ့ပဲ လှော်လှော် တက်ညီလက်ညီရှိဖို့က အဓိက မဟုတ်လား.. ရှေ့လူ နောက်လူ.. ပါဝင်တဲ့သူ အားလုံးက အ၀င်အထွက် အတိုင်အဖောက် ညီမှ အနိုင်ရမှာ မဟုတ်လား.. လှေတစင်း
အရှိန်မှန်မှန်နဲ့ ပန်းတိုင်းကို ရောက်နိုင်ဖို့ ဆိုတာ လှော်နေတဲ့သူတွေထဲက တစ်ယောက်မှ ဟန်ချက်ပျက် စည်းဝါးလွတ်လို့ မဖြစ်ဘူးလေ.. တက်တွေက တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ်နဲ့ ရှိနေတာမို့ တစ်ယောက်ယောက် နောက်ကြတာပဲဖြစ်ဖြစ်.. မြန်သွားတာပဲဖြစ်ဖြစ် အချင်းချင်း ပြန်တိုက်မိနိုင်တယ်လေ.. အဲ့ဒါဆိုရင် လှေကို ကောင်းကောင်း လှော်ခတ်လို့ မရတော့ဘဲ.. ပြိုင်ပွဲမှာ ရှုံးရမှာ မဟုတ်လား.. အနိုင်ရချင်ရင်.. သူများထက် ရှေ့ရောက်ချင်ရင်တော့ ကျွန်တော်တို့တစ်တွေ ညီကြမှကိုဖြစ်မယ်.. ညွတ်ကြမှကို ဖြစ်မယ်..

တစ်နေရာရာမှာတော့ ကျွန်တော်တို့တတွေ တက်မညီကြဘူး၊ လက်မညီကြဘူး.. အဲ့ဒါကြောင့်ပဲ ပန်းတိုင်ကို ရောက်သင့်တဲ့ အချိန်မှာ မရောက်နိုင်ဘူး ဖြစ်နေပါတယ်..


Read more!

၂၀၀၇ ခုနှစ် - အင်းလေဖောင်တော်ဦးဘုရားအမှတ်တရ







Read more!

Thursday, October 18, 2007

စက်ဝိုင်း

စက်ဝိုင်း။သူ့အသွင်အပြင်က၀ိုင်းဝိုင်းလေး။
စက်ပြီးတော့ဝိုင်းတာလား၊၀ိုင်းပြီးမှစက်တာလားတော့မသိ။

မှန်တာကတော့စတယ်နေရာမှာပြန်ဆုံးမှစက်ဝိုင်းလို့ဖြစ်လာတာမဟုတ်လား။
ဒါကတော့ပုံဆွဲရတဲ့စက်ဝိုင်း။ ကျမတို့ဆိုခဲ့ဖူးတဲ့"မိုးဘာကြောင့်ရွာဖားအော်လို့ရွာ"။
အဲဒီကဗျာလေးကလည်းသံသရာစက်ဝိုင်းလေးကိုဖော်ပြနေလေရဲ့။
လွန်ခဲ့သောအနှစ်နှစ်ဆယ်ကစာရေးဆရာမမစန္ဒာရေးခဲ့တဲ့ဒီစက်ဝိုင်းဝထ္တုတိုလေး။
အဲဒီအနှစ်နှစ်ဆယ်စက်ဝိုင်းကလည်းဒီနေ့ခေတ်စက်ဝိုင်းလေးလိုပါလား။ ကဲစာရေးဆရာမမစန္ဒာရဲ့စက်ဝိုင်းလေးက

"ပဲပြုတ်တစ်ဆယ်သားလည်း တစ်ကျပ်ခွဲဖြစ်နေပြီနော်"
"ကြာပါပြီအစ်မရယ်"
"ဟိုးအရင်တုန်းက ငါးမူးရယ်"
"အရင်ကဈေးလာမပြောနဲ့အစ်မရေ၊ကျွန်မ၀ယ်ရတာကလည်းအရင်ဈေးမဟုတ်ဘူး။
တစ်ပြည်ကိုနှစ်ဆယ့်နှစ်ကျပ်ပေးရတယ်၊ပြုတ်လိုက်ရင် နှစ်ပိဿာခွဲပဲရတာ"
"အကောင်လိုက် လေးကျပ်၊အခြမ်း လေးကျပ်ခွဲ"
"ကြက်ဈေးကလည်းကြီးလိုက်တာဟယ်၊တစ်ပိဿာလေးဆယ်၊လေးဆယ်ငါးကျပ်တဲ့။
ငါ့ယောက်ျားမဟာစာရေးဆရာကြီးရဲ့ တစ်လလုံးရတဲ့ လစာကကြက်ငါးပိဿာဖိုးလောက်ပဲ ရှိပါလားဟဲ့"
"ဒီလောက်မှ မရောင်းရင်လည်း မကိုက်ဘူးအစ်မရဲ့၊ကျွန်မတို့ယူရတာက သုံးဆယ့်ရှစ်ကျပ်ဈေး"

"တစ်ဆယ်သားတစ်ကျပ်ခွဲ ညီမလေးရေ၊အစိတ်သားယူရင်တော့သုံးကျပ်ခွဲနဲ့ယူ၊
အင်းခရမ်းကွဲ့၊ အသားများ တယ်၊သိပ်ချိုတယ်"
"ခရမ်းချဉ်သီးကလည်းလခုထိမပေါဘူးနော်၊ခါတိုင်းဒီအချိန်ဆိုပေါလှပြီ"
"သြော် အစ်မတို့ယူရတာလည်း ခါတိုင်းလိုမဟုတ်ဘူး ငါ့ညီမရဲ့၊
အခုဈေးကတစ်သေတ္တာကိုတစ်ရာ့သုံး ဆယ်၊ ဒါတောင် မနည်းလုယက်ပြီး ယူရတာ"

"အဒေါ်ရေဟောဒီမှာငရုတ်သီးစိမ်းတစ်ပုံယူလိုက်ပြီနော်၊
ပိုက်ဆံကိုပစ်ပေးလိုက်မယ်၊ကန်တော့၊ကန်တော့"
"ငရုတ်သီးစိမ်းတစ်ပုံကို ငါးမူး၊ တစ်မတ်မဟုတ်ဘူး"
"ဟောတော် ဒါလေးတစ်ပုံကို ငါးမူးဟုတ်လား"
"ဟုတ်တယ်။ငါးမူးပဲ၊တစ်မတ်ဖိုးရောင်းလို့ မကိုက်တော့ဘူး၊ကုန်အ၀င်ကိုကနည်းနေလို့"
"သြော်"

"ဟင် ကြက်သွန်ကအသစ်လည်းဖြစ်၊သေးလည်းသေး၊
ဒါတောင်ဆယ့်လေးကျပ်ဈေးဟုတ်လား"
“ဟုတ်တယ်၊ဟိုဘက်က နည်းနည်းကြီးတာတော့ ဆယ့်ခြောက်ကျပ်"
"စိတ်ညစ်လိုက်တာ"
"စိတ်မညစ်နဲ့ဟယ်၊ငါတို့ကလည်းရောင်းရတာစိတ်ညစ်တာပဲ၊ ငါတို့ဝယ်ရတာကိုက ဈေးကြီးနေတော့"
"အင်း"

"ဟယ် နင်ကလည်း လုပ်တော့မယ်၊တစ်ရာ့ကို နှစ်ကျပ်လို့၊ဟိုတစ်ခါ ငါဝယ်တုန်းက ငါးမူးရယ်"
"ငါးမူးမရောင်းနိုင်တာ ကြာပါပြီ အန်တီရယ်"
"ငါက ခြံထဲကျော်ဝင်တဲ့ခွေးကို ပစ်ချင်လို့သာဝယ်ရတာ၊
နင်လောက်စာလုံးကလည်း ဈေးကလည်း တက်ပြီးရင်းတက်ရင်း"
"ဒါကတော့ သူများနည်းတူပေါ့ခင်ဗျာ"
"အံမာ၊ဘာ သူများနည်းတူလဲ၊ နင်က ရွှံတစ်ပြည်ကိုဘယ်နှစ်ကျပ်နဲ့ဝယ်နေရလို့လဲ၊
ကုန်တင်ကားတွေ အရောက်နည်းနေလို့ပစ္စည်းမရှိလို့လား၊
ကြက်သွန်လိုရွှံသစ်မပေါ်သေးလို့၊ရွှံဟောင်းကဈေးကြီးနေတာလား၊
နင်ရွှံခင်းကရော မိုးဖျက်လို့ ပျက်သွားသလား၊နှင်းခါးရိုက်လို့ သေသွားသလား"
"မဟုတ်ပါဘူးဗျာ"
"ကဲ ဒါဖြင့် နင်ရွှံက ဘာကိစ္စဈေးတက်ရတာလဲ၊ပြောစမ်းပါဦး"
"ရွှံကတော့ ဈေးမတက်ပါဘူးဗျာ၊ဒါပေမဲ့ ကျွန်တော်ဆာရင် ရွှံကို ကိုက်စားလို့မှ မရတာ အန်တီရယ်"
"အဲ"


Read more!

၂၀၀၇ ခုနှစ် ဖောင်တော်ဦးဘုရားပွဲ (၃)


ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ကျောင်းဆောင်တော်တွင်း ရောက်ရှိခြင်းနဲ့ ကိန်းဝပ်စံပါယ်တော်မူနေပုံ တွေကိုတော့ အခု အပိုင်း (၃)မှာ ဖော်ပြလိုက်ပါတယ်..

အခုဆိုရင်တော့ Virtual Tour နဲ့ ၂၀၀၇ခုနှစ် ဖောင်တော်ဦးဘုရားပွဲကို ကိုယ်တိုင်သွားရောက် မြင်တွေ့ရသလို ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ကျန်သေးတဲ့အပိုင်း တွေမှာတော့ အင်းရိုးရာ လှေပြိုင်ပွဲကြောင်းကို ဆက်လက်ဖော်ပြပါမယ်.. Photo တွေသာမက Movie များလဲ ဖော်ပြပေးဖို့ ရှိနေပါသေးတယ်..

ဓာတ်ပုံတွေကတော့ Public ကို Share လုပ်တာဖြစ်တဲ့အတွက် ဘာမှ မပြောင်းလဲ၊ မပြင်ဆင်ဘဲ Watermark တွေ၊ Logo တွေလဲ မထည့်ဘဲ တင်ပေးလိုက်ပါတယ်.. အလိုရှိသလို စိတ်ကြိုက် ကူးယူဖော်ပြနိုင်ပါတယ်..

ရဲမြန်မာ


Read more!

၂၀၀၇ ခုနှစ် ဖောင်တော်ဦးဘုရားပွဲ (၂)



၂၀၀၇ခုနှစ် အင်းလေး ဖောင်တော်ဦး ဘုရားပွဲ အပိုင်း (၁)မှာ ညောင်ရွှေမြို့တွင်း လမ်းတလျှောက် ပုံတွေ၊ ပွဲတော်အတွင်း ဖျော်ဖြေရေး အဖွဲ့များရဲ့ ပုံတွေနဲ့ ဖောင်တော်ဦးဘုရား တင်ဆောင်ထားတဲ့ ကရ၀ိတ်ဖောင်တော်ဆွဲ လှေများ စတင် ဆိုက်ရောက်လာပုံတွေကို ဖော်ပြထားပါတယ်..

အခု ၂၀၀၇ခုနှစ် အင်းလေး ဖောင်တော်ဦး ဘုရားပွဲ အပိုင်း (၂) မှာတော့ ဖောင်တော်ဦးဘုရား ဆိုက်ရောက်ခြင်းနဲ့ ဘော်ယာဉ်တော်ပေါ် ပင့်ဆောင်တင်ခြင်း ပုံတွေ ပါဝင်ပါတယ်..


Read more!

၂၀၀၇ ခုနှစ် ဖောင်တော်ဦးဘုရားပွဲ (၁)


ကိုကျော်စွာတို့ အဖွဲ့က ဖောင်တော်ဦးဘုရားပွဲမှာ အင်းထဲ လိုက်ပြီး ရိုက်ထားတဲ့ ပုံတွေ တင်ပေးထားပြီးပြီဆိုတော့ ကျွန်တော်က ကျန်နေသေးတဲ့ ဖောင်တော်ဦးဘုရား ဖောင်တော်ဆိုက်ပွဲနဲ့ အင်းရိုးရာ လှေပြိုင်ပွဲအကြောင်းတွေ ထက်မံ ဖြည့်ဆွက်ပြီး Complete Virtual Tour ဖြစ်အောင် ဒီနှစ် ၂၀၀၇ခုနှစ် အင်းလေး ဖောင်တော်ဦးဘုရားပွဲကို တောင်ကြီးချယ်ရီမြေကနေ ပြည့်ပြည့်၀၀ တွေ့မြင်ရနိုင်အောင်လို့ ကြိုးစားလိုက်ပါတယ်..


Read more!

သာဓုခေါ်နိုင်ပါတယ်ဗျာ

ကျွန်တော်တို့တောင်ကြီးချယ်ရီဝိုင်းတော်သားများစုပြီးတော့စံကျောင်းတော်ကြီးဘက်စုံ
ပြုပြင်ထိန်းသိမ်းရေးအတွက်ရည်စူးပြီးလှူဒါန်းခဲ့ပါသေးတယ်..အဝေးရောက်တောင်ကြီး
ချယ်ရီဝိုင်းတော်သားများနဲ့ အဝေးရောက် သူငယ်ချင်းများ သာဓုခေါ်နိုင်ပါတယ်


Read more!

ဘုရားပွဲတွင် ရိုက်ကူးခဲ့သော ဓါတ်ပုံအချို့ 


Read more!

၂၀၀၇ ခုနှစ် ဖောင်တော်ဦး ဘုရားပွဲတော်

ဖောင်တော်ဦး ဘုရားစံကျောင်းတော်ပေါ်မှ အင်းလေးဒေသ တ၀ိုက်သို့ ဒေသစာရီကြွချီတော်မူလျှက်ရှိရာ ယနေ့ ၁၈ ရက်နေ့ဆိုလျှင် ညောင်ရွှေ မြို့သို့ ရောက်ပြီ။ လင်းကင်း ရွာမှ ညောင်ရွှေမြို့သို့ ပင့်ဆောင်ပူဇော် ကြမည်။ ထိုသို့ လင်းကင်းရွာမှ ညောင်ရွှေ မြို့သို့ ဘုရားများ ပင့်ဆောင်ပူဇော်ပွဲကြီးကို တောင်ကြီးချယ်ရီ ဘလော့တွင် တင်ဆက်နိုင်ရန်အတွက် ကျွန်တော်တို့ ၁၈ ရက်နေ့ မနက် ၄ နာရီမှ စတင်ပြင်ဆင်ရပါတော့သည်။ ဟိုလုပ် ဒီလုပ်ဖြင့် မနက် ၄နာရီခွဲတွင် တောင်ကြီးမှ စထွက်ဖြစ်သည်။ ညောင်ရွှေလမ်းခွဲသို့ ရောက်သောအခါ မြူနှင်းများ ကျသဖြင့် ကားပင် အတော်မောင်းရခက်လာသည်။ ဤသို့ဖြင့် ညောင်ရွှေမြို့သို့ မနက် ၅နာရီခွဲခန့် ဝေလီဝေလင်းတွင် ရောက်ရှိလာပါသည်။ ကျွန်တော်တို့ အဖွဲ့သည် ဖောင်တော်ပြန်လမ်းရှိ Mr.Cook တွင် စတည်းချကြသည်။ Mr.Cook မှ ကျွန်တော်တို့အဖွဲ့အား ဘီးမုန့် (ဘိန်းမုန့်မဟုတ်ပါ) ဖြင့် မနက်စာ တည်ခင်းဧည့်ခံခဲ့ပါသည်။ မနက် ၆ နာရီထိုးတော့ ကျွန်တော်တို့ အားလုံး မော်တော်ပေါ်ရောက်နေပြီ။ ကျွန်တော်တို့က မော်တော် ရှေ့ဦး ပိုင်းတွင် ထိုင်မိသောကြောင့် လေတိုက်မှု ကို ပိုခံရပါသည်။ အင်းရေပြင်တွင် ကျွန်တော်တို့ အစောဆုံးဟု အထင်ရှိရာ မှားမှန်း မကြာခင် သိလာရပါသည်။ ညောင်ရွှေ မြို့မှ လင်းကင်းရွာ သို့သွားရာ လမ်းတလျှောက်တွင် ဘုရားကြိုသော မော်တော်များဖြင့် ပြည့်နှက်လျှက်ရှိသည်။ မော်တော် စက်လှေ အင်ဂျင် ပန်ကာ လည်အားကြောင့် ရေပန်းများ လွင့်ပျံနေသည်မှာ ဟိုမှ သည်မှ ပြေးလွှားနေသည်။ လင်းကင်းရွာ အ၀င်သို့ရောက်သော အခါ ဘုရားတင်ထားသော ကရ၀ိတ် ၊ ဆွဲလှေ ၊ ကြိုလှေ များ အများ အသင့်ဖြစ်နေသည်။ နိုင်ငံခြား ဧည့်သည်များ လည်း စိတ်ဝင်တစားလာရောက် လေ့လာသည်ကို တွေ့ရသည်။ အမှန်ပြောရလျှင် လင်းကင်းရွာမှ ညောင်ရွှေမြို့သို့ ဘုရားပင့်ဆောင်သည်ကို ကျွန်တော်လည်း ပထမဆုံးအကြိမ် ဖူးမြော်ဖူးခြင်းဖြစ်သည်။ ရှေ့ဆုံးမှ ဆွဲလှေ စတင်လှော်ခတ်ပြီ။ ဆွဲလှေ စုစုပေါင်း ၂၆ စင်းရှိသည်။ တစ်စင်းနှင့် တစ်စင်းကို ကြိုးများဖြင့်ချိတ်ဆက်ထားသည်။ ကမ္ဘာပေါ်တွင် မည်သည့်ဒေသမှ မရှိသော ခြေထောက်ဖြင့် ဆွဲလှေများကို လှော်ခတ်ကြသည်။ ညာသံပေး၍ တစ်ညီတစ်ညာတည်း ခြေထောက်များမြောက်ကာ လှော်ခတ်နေသည်မှာ နိုင်ငံခြားသားများ အနေနှင့်သာ မက ကျွန်တော်တို့အတွက်ပါ ထူးဆန်းနေသည်။ ကျွန်တော်တို့ မော်တော် စက်လှေမှာ ကရ၀ိတ်နှင့် မလှမ်းမကမ်းမှ ကပ်ကာ လိုက်သွားသည်။ လမ်းခွဲရောက်တော့ ဘုရားပင့်ဆောင်လာသော ကရ၀ိတ်နှင့် သီးခြားဖြစ်သွားသည်။ ကျွန်တော်တို့ လင်းကင်းရွာမှ ညောင်ရွှေသို့ အပြန်လမ်းမှာ အတော်ပင် ကြည်နှူးဖို့ကောင်းသည်။ အရှေ့တောင်တန်းဆီမှ နေမင်း ပြူထွက်လာပြီ။ အင်းရေပြင်သည် နေမင်း၏ အလင်းရောင်ကြောင့် လှချင်တိုင်းလှနေသည်။ ကျွန်တော်တို့ ညောင်ရွှေမြို့သို့ ပြန်ရာလမ်းတစ်လျှောက်တွင် ဘုရားကြိုသော လူအုပ်ကြီးကို တွေ့ရသည်။ ကန်တော့ပွဲ များဖြင့် ကလေး ၊ လူကြီး ၊ သက်ကြီးရွယ်အိုများပါ မကျန် အိမ်ရှေ့တွင် ထိုင်ကာ ဘုရားပင့်ဆောင်ပူဇော်လာခြင်းကို စောင့်မျှော်နေကြသည်။ ကျွန်တော်တို့ စက်လှေ ကို ကမ်းကပ်၍ ကုန်းပေါ်သို့ တက်လိုက်သည်။ ကမ်းနားလမ်း တလျှောက်တွင် လူအုပ်ကြီးမှာ မနည်းမနော။ ဘုရားများကို ဖောင်တော်ပေါ်မှ ယာယီ စံကျောင်းပေါ်သို့ ပို့ဆောင်ပေးမည့် ယာဉ်နားတွင် ကျွန်တော်တို့ အဖွဲ့ စောင့်နေလိုက်သည်။ ဘုရားပင့်ဆောင်လာသော ယာဉ်ကို ကြိုးဖြင့်ဆွဲရန် အဆင့်သင့်ဖြစ်နေပြီ။ ဤသို့ဖြင့် ဘုရား ကြွချီ ပင့်ဆောင်သော လမ်းတလျှောက် သွားရောက် ရိုက်ကူးခဲ့ပါသည်။ လှေပြိုင်ပွဲ ရှိသည်ဟု ကြားလိုက်မိသော်လည်း ဘုရားနောက်လိုက်နေသဖြင့် နောက်ကျသွားသည်။ မနက် ၁၀ နာရီခွဲတော့ ယာယီစံကျောင်းပေါ်သို့ ဘုရားများ ရောက်ရှိသွားသည်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးလည်း ပင်ပန်းနေပြီ။





Read more!

Wednesday, October 17, 2007

တောင်ကြီးတန်ဆောင်တိုင်ဘယ်ကစ

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ယခင်ခေတ်များကပင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပခဲ့ကြသည်။ တောင်ကြီးမြို့ကို အင်္ဂလိပ်ခေတ်ကာလ ၁၈၉၄ ခုနှစ် စတင် တည်ထောင်ခဲ့သည်။ ယင်းကာလ တန်ဆောင်တိုင်ပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပကြသေးပေ။ မီးထွန်းခြင်း ၊ မီးရှူးမီးပန်းလွတ်ခြင်း ၊ ဗျောက်အိုး များသာရှိပါသည်။ ယင်းကာလ တောင်ကြီးမြို့တွင် နေသူများသည် ရပ်ရွာအတွင်းမှ မကောင်းဆိုးဝါးများ နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဗျောက်အိုးများဖောက်ကြကြောင်း မှတ်သားဖူးပါသည်။ တန်ဆောင်တိုင်ကာလတွင် တာဝတိံသာ နတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံလွတ်တင် ပူဇော်သည့် အမှုကို ဆောင်ရွက်ကြသည်။ ထိုပြင် တာဝတိံသာ နတ်ပြည်၌ သကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့် အမှုအဖြစ် မှတ်ယူကာ မီးပုံးပျံပူဇော်ခဲ့ကြသည်။

တောင်ကြီးမြို့တွင် ဒုတိယ ကမ္ဘာစစ်မဖြစ်မှီ တနှစ် အလိုတွင် မီးပုံးပျံလွှတ်ခဲ့ကြောင်း မှတ်သားရပါသည်။ မြန်မာ သက္ကရာဇာ် ၁၃၀၃ တန်ဆောင်မုန်းလ တွင် တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ကုန်းသာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစီး၍ ပိတ်သားဖြင့် ပြုလုပ်ထားသည့် မီးပုံးပျံကြီးတစ်ခုကို လွှတ်တင်ခဲ့သည်။ မီးပုံးပျံ ချုပ်လုပ်ရာတွင် ကူညီကုန်းရပ်ကွက် နေ စာရေးကတော်ဒေါ်သင့် နှင့်အဖွဲ့က အပ်ချုပ်စက် ၃၀ ဖြင့် တစ်လတိတိချုပ်လုပ်ခဲ့သည်။ မီးပုံးပျံချုပ်ရာတွင် ကိုက် ၄၀ ပါ ပိတ် ၄၀ အုပ်ခန့် ကုန်သည်။ မီးပုံးပျံကြီး အောင်မြင်စွာ လွှတ်တင်နိုင်ရန် ကုန်းသာဘုန်းကြီးမှ ဦးစီး၍ ဦးထား ၊ ဦးချစ်နှင့် တစ်မြို့လုံးမှ ကာလသားများ လုပ်အားဖြင့် မီးပုံးပျံကြီးကို လုပ်ဆောင်ခဲ့သည်။

မီးဇာ အမာခံကို သံဖြင့်ပြုလုပ်၍ သင်္ကန်းစုတ်များကို ပတ်ချည်ကာ ရေနံချေးဝအောင် စိမ်ပြီးမှ မီးဇာလုပ်ခဲသည်။ မီးဇာကျစ်ခြင်းကို မြေဖြူတောင် ရပ်ကွက်မှ သစ်ပင်ခုတ်သူ ဦးလှဖေမှ စီမံဆောင်ရွက်ပေးခဲ့သည်။ မီးပုံးပျံ ခေါင်အချင်းမှာ ခန့်မှန်း ပေ ၅၀ ခန့်ရှိနိုင်ပါသည်။ ယင်းမီးပုံးပျံမှာ ယခုခေတ်မီးပုံးပျံထက် ကြီးမားသည်။ အောက်ဆွဲအဖြစ် လူအသုံးဆောင်ပစ္စည်းများဖြစ်သော ဆန်အိတ် ၊ ဆီပုံး ၊ ထမင်းချိုင့် ၊ ထီး စသော ပစ္စည်းများ ချိတ်ဆွဲထားသည့်အပြင် လောကပါလ နတ်မင်းကြီး ၄ ပါး စက္ကူရုပ်များလည်း ချိတ်ဆွဲထားသည်။ နတ်မင်းကြီး ၄ ပါးတွင် တစ်ပါးလျှင် ယင်းခေတ်က မြန်မာငွေ ၂၅ ကျပ်စီ လက်ထဲတွင် ကန်တော့ ပုံပြုလုပ်၍ လိပ်ထည့်ထားသည်။

ပိတ်သားမီးပုံးပျံကြီးမှာ အရွယ်အစားကြီးမားသဖြင့် လိုအပ်သော မှိုင်းကိုရရှိရန် ကုန်းသာဘုန်းကြီး ကျောင်းတောင်စောင်းတွင် ကိုက် ၅၀ ကျော်ခန့်ရှိ ဥမှင်လှိုင်ခေါင်းကိုတူးပြီး ၊ တစ်ဖက်တွင် လောင်စာများကို မီးရှို့၍ ထွက်လာသည့် မှိုင်းများကို လှိုင်ခေါင်းမှ ဖြတ်ကာအထွက်တွင် ပီပါပြတ်ထားရှိ၍ ယင်းအထက်မှ မီးပုံးပျံ ဆိုင်းကြိုး ၄ ကြိုးဖြင့် ထိန်းကာ ကြိုးများကို ဆီးဖြူပင် ၄ ပင်၌ ချည်နှောင်ထားရှိသည်။ မီးပုံးပျံတွင် မှိုင်းဝ၍ အပေါ်သို့တက်ရန် အသင့်ဖြစ်သည့်အခါ မီးဇာအားမီးညှိ၍ ဆိုင်းကြိုး ၄ ကြိုးစလုံးကို တစ်ပြိုင်တည်း လူ ၄ ဦးက ဓါးမြောင်ဖြင့် ခုတ်ဖြတ်၍ မီးပုံးပျံကို လွတ်ခဲ့သည်။ မီးပုံးပျံလွတ်စဉ် ရာဟုထောင့်ရှိ ဆိုင်းကြိုးမှာ တစ်ပြိုင်တည်းမပြတ်၍ မီးပုံးပျံကို ဆောင့်ဆွဲသကဲ့သို့ဖြစ်ကာ မိးပုံးပျံ အထိနာခဲ့ရသည်။ အမြင့်ပေ ၅၀၀ ခန့် အရောက်တွင် အောက်ဆွဲတွင် ပါသွားသည့် ထီးနှင့် ထမင်းချိုင့် ၂ မျိုးမှာ လေးထီးဖြင့် အောက်သို့ကျလာခဲ့သည်။ မီးပုံးပျံလွှတ်ပွဲကို တောင်ကြီးမြို့သူ ၊ မြို့သား များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းသို့ အားပေးနေစဉ်တွင် ပင် မီးပုံးပျံကြီးသည် အသံမြည် ပေါက်ကွဲ၍ ကုန်းသား ဘုန်းကြီးကျောင်းတောင်ခြေရင်း တြိဂံထောင့် ပန်းခြံအတွင်းသို့ မီးလောင်ပျက်ကျကာ မအောင်မမြင် ဖြစ်ခဲ့ရသည်။

သို့ဖြစ်၍ ကုန်းသာဘုန်းကြီးကျောင်းသည် ဒုတိယအကြိမ်အဖြစ် မီးပုံးပျံကို ထပ်မံလုပ်ခဲ့သည်။ မူလက ပိတ်သားဖြင့် လုပ်ကိုင်ခဲ့သော်လည်း ဒုတိယအကြိမ် မီးပုံးပျံကို ရှမ်းစက္ကူ (မိုင်းကိုင်စက္ကူ) ဖြင့် လုပ်ကိုင်ခဲ့သည်။ ခေါင်အချင်းမှာ ၂၄ ပေခန့်ရှိသည်။ မီးပုံးပျံမလွှတ်မီ ကုန်းသာဘုန်းကြီးကျောင်းမှ လွှတ်တင်လိုက်သည့် မီးပုံးပျံကြီးကို ရရှိ၍ ဘုန်းကြီးကျောင်းသို့ လာပို့ပါက ရှမ်းဆန် ပြည် ၄၀ ၀င် ဆန်အိတ်တစ်အိတ် ၊ ဆီ ၁၀ ပိဿ ၀င် ဆီ တစ်ပုံး ၊ဆုချမည် ဖြစ်ကြောင်း ကြေငြာပြီး မီးပုံးပျံကို လွှတ်တင်ခဲ့သည်။ လူအသုံးဆောင်ပစ္စည်းများဖြစ်သော ထီး ၊ ထမင်းချိုင့် ၊ဆပ်ပြာ ၊ လုံခြည် ၊ ငွေ ဒင်္ဂါး စသည်တို့ကို ချိတ်ဆွဲ၍ လွှတ်ခဲ့သည်။ ဒုတိယအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အဆိုပါမီးပုံးပျံသည် ကုန်းသာဘုန်းကြီးကျောင်း တောင်ဇောင်းမှ တက်၍ တောင်ကြီးမြို့ရှိ နွားလားဥဿဖတောင်၊ ရွှေဘုန်းပွင့်စေတီ ရှိရာ ဘက်သို့ ဦးတည်တက်သွားခဲ့ကြောင်း ၊မီးပုံးပျံသွားရာလမ်းတလျှောက်တွင် အောက်ဆွဲများမှ လူအသုံးဆောင်ပစ္စည်းများ ကျလာသဖြင့် လူအများလိုက်လံ ကောက်ကြကြောင်းကြားသိရသည်။ သို့ဖြစ်၍ တောင်ကြီးမီးပုံးပျံကြီးများကို မည်သည့်ခုနှစ်က စတင်လွှတ်ခဲ့သည်ဆိုလျှင် ၁၂၉၉ ခုနှစ် တန်ဆောင်ပုန်းလတွင် ကုန်းသာ ဘုန်းကြီးကျောင်းမှ ၄င်းကျောင်းဝင်းအတွင်းမှ စတင်လွှတ်ခဲ့ကြောင်း လူကြီးသူမများ၏ ပြောစကားများအရ သိရှိရသည်။


ယခု post သည် စာအုပ်အဖြစ် ထုတ်ဝေမည့် (တောင်ကြီးတန်ဆောင်တိုင်ဘယ်ကစ ) ထဲမှ တပိုင်းတစ ကူးယူ ဖော်ပြ ထားခြင်းဖြစ်ပါသည်။ အခြားမည်သည့် နေရာများမှ ကူးယူ ဖော်ပြခြင်းမပြုရန် တောင်းပန်အပ်ပါသည်။ မူလရေးသားသူ ဦး......... အားကျေးဇူးတင်ရှိပါသည်။


Read more!

Tuesday, October 16, 2007

တန်ဆောင်တိုင် မီးပုံးပျံကွင်းသစ်

တန်ဆောင်တိုင်း မီးပုံပျံကွင်းသစ်နေရာနဲ့ ပွဲဈေးတန်းရှိမဲ့နေရာ.. အ၀င်နဲ့ အထွက်လမ်းတွေရဲ့ တည်နေပုံကို ဖော်ပြပေးလိုက်ပါတယ်.. အရင်ကွင်းဟောင်းနေရာနဲ့ ကွင်းသစ်နေရာတွေကို မျက်လုံးနဲ့ မြင်နိုင်အောင်လို့ပါ..

အ၀ါလမ်းကြောင်းကတော့ ပွဲဈေးတန်းဖြစ်ပါမယ်.. ဘုရားပေါ်မှာလဲ ပွဲရှိမှာ ဖြစ်သလို မီးပုံးကွင်းကလဲ ပွဲရှိပါမယ်.. ဘုရားရှေ့ လမ်းအသစ်ကနေပြီးတော့ ကွင်းအသစ်ထိ ပွဲဈေးတန်းကြီး ဖြစ်ပါမယ်.. အရင်ကလို Main လမ်းမကြီးပေါ်မှာ မဟုတ်တော့ပါဘူး..

ကွင်းမှာတော့ မီးပုံးပျံတွေ အတွက် အ၀င်တစ်လမ်းရှိမှာဖြစ်ပြီး.. အထွက်ကတော့ ကွန်ပျူတာ Uni ဘေးဘက်ကနေပြီးတော့ မီးရထားသံလမ်းတစ်လျောက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ကို ပြန်ထွက်ရမှာ ဖြစ်ပါတယ်..

အရင်က သေးသေးကြုတ်ကြုတ်နဲ့ အမြင်မလှတာကို ပိုမို အဆင့်တန်းရှိရှိ လုပ်ဆောင်သွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်.. မီးပုံးပျံကွင်းသစ်ရဲ့ Design ကိုတော့ ပုံနဲ့တကွ ဖော်ပြနိုင်အောင် ကြိုးစားကြည့်ပါ့မယ်.. အရင်နှစ်တွေကနဲ့ မတူတဲ့ ခံစားမှုမျိုးတွေ ဒီနှစ် မီးပုံးပျံပွဲက ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်..


Read more!

ကြာသင်္ကန်း ရက်လုပ်ခြင်း

ကျွန်တော် ကြာယက်ကန်း အကြောင်းကို မနှစ်က တန်ဆောင်တိုင် ယက်ကန်းပြိုင်ပွဲတုန်းက တွေ့လိုက်လို့ နဲနဲပါးပါး မှတ်သားခွင့်ရလိုက်ပါတယ်.. ကြာယက်ကန်းက နဲနဲရှားပါးသွားပြီးဖြစ်လို့ Public ကို တွေ့မြင်ရအောင် မနှစ်က ကြာယက်ကန်းစဉ်တစ်ခု ပြိုင်ပွဲမှာ ၀င်ပြခဲ့ပါတယ်.. အဲ့ဒီတုန်းက ကျွန်တော် Camera ပိုးမ၀င်လေးလို့ ဓာတ်ပုံ ရိုက်ရကောင်းမှန်း မသိလိုက်လို့ အခု သေသေချာချာ မဖော်ပြလိုက်နိုင်တာ တကယ်နှမြောမိတာပါပဲ.. ဒီနှစ်တော့ ကြာယက်ကန်း အကြောင်း စုံစုံငင မှတ်တမ်းတင်လိုက်ပါ့မယ်.. အခုကတော့ စုဆောင်းထားတဲ့ ဓာတ်ပုံလေး တချို့နဲ့ ကြာသင်္ကန်းအကြောင်း အကျဉ်းလေး ပြောပြပါ့မယ်..

ကြာချည်ငင်ဖို့အတွက် အရိုးရှည်တဲ့ ကြာတစ်မျိုးက အရိုးကို ခူးယူရပါတယ်.. အဲ့ဒီ ကြာကတော့ ပဒုမ္မာကြာ Lotus ဖြစ်တယ်လို့ သိရပါတယ်.. အဲ့ ဒီကြာကလဲ နေရာတိုင်းမှာ စိုက်ပျိုးလို့ မရဘူးလို့ ပြောတာ မှတ်သားဖူးပါတယ်.. အဲ့ဒီကြာရိုးတွေကို ခူးယူပြီးရင် ဆေးကြောရပါတယ်..

ကြာရိုးတွေကို ကြာချည်ထုတ်တော့မယ်ဆိုရင် အရိုးတွေ ခြောက်မသွားအောင် ချည်ထုတ်နေတဲ့ အချိန် အတောအတွင်းမှာ အ၀တ်ဆိုနဲ့ ပါတ်ထားရပါတယ်..

ကြာရိုးတွေကို ချည်ထုတ်တော့မယ်ဆိုရင် ကြာရိုး (၂)ချောင်း (၃)ချောင်းကို ပူးပြီးတော့ ဓါးနဲ့ အပိုင်းလေးတွေ ပိုင်းဖြတ်ပြီး ဆွဲလိုက်ပါတယ်..

အဲ့ဒီအချိန်မှာ ကြာမျှင်တွေ ထွက်လာပြီး စားပွဲပေါ်မှာ လက်နဲ့ လှိမ့်ပြီး လိမ်ကျစ်ယူရပါတယ်.. တစ်ခါဖြတ်ရင် ကြာချည်မျှင် ၄လက်မလောက် ရပါတယ်.. အဲ့ဒီ ၄လက်မ ၄လက်မလောက်တွေကနေ ချည်မျှည်ရှည်ဖြစ်အောင် စုပြီး ချည်လုံးလုပ်ယူရပါတယ်..

အဲ့ဒါပြီးရင်တော့ အတော်အသင့် ရှည်လျှားတဲ့ ချည်လုံးတွေ ရလာပြီး ယစ်ဘီးနဲ့ ချည်ငင်ယူပါတယ်.. ယက်ကန်းမှာ တင်ယက်နိုင်ဖို့ အတွက်ဖြစ်ပါတယ်.. အဲ့ဒီလို ချည်တစ်ချောင်းရဖို့အတွက် ကြာရိုးပေါင်းများစွာကို အသုံးပြုရပါတယ်.. တော်တော်လေး စိတ်ရှည်စွာနဲ့ လုပ်ယူရတဲ့ နည်းပညာပါပဲ.. ကျွန်တော်လဲ အစက ထင်မိတာကတော့ ကြာရိုးက်ု အခြောက်ခံပြီးရတဲ့ ကြာရိုးခြောက်တွေကနေ အမျှင်ထုတ်ပြီး ယက်တာ အောက့်မေ့တာ.. ကိုယ်တိုင် ကြာအဆီးအမျှင်ကနေ ထုတ်မှန်း သိရတော့မှ အံ့အားသင့်မိပါတယ်..

ကြာချည်ကို ယက်ဖို့ ယက်ကန်းကလဲ သီးသန့် Design နဲ့ လုပ်ထားရပါတယ်.. ရိုးရိုး ချည်ယက်ကန်းတွေကတော့ အရွယ်အစား ကြီးကြပါတယ်.. ကြာယက်ကန်းကတော့ ခပ်သေးသေးပဲဖြစ်ပါတယ်.. အဲ့ဒီ ယက်ကန်းမှာ ကြာချည်တွေကို တင်ပြီးတော့ လက်ရယ်ခြေထောက်ရယ်ကိုသုံးပြီး ချည်ပြင်ဖြစ်အောင် ယက်ယူရပါတယ်.. ကြာအမျှင်တွေက ရေကနေဖြစ်တာမို့ ချည်ယက်တဲ့နေရာမှာ ပြော့အောင်လို့ ရေစွတ်ပြီးတော့မှ ယက်ရပါတယ်.. ပုံမှာလဲ ရစွတ်ထားလို့ စိုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်.. အဲ့ဒီလို ရေမစွတ်ပေးရင် ချည်တွေ ကျိုးပြတ်ကုန်မှာ ဖြစ်ပါတယ်..

အဲ့ဒီလိုမျိုး ကြာချည်တွေကို ကြာယက်ကန်းမှာ တင်ပြီး ယက်လိုက်မယ်ဆိုရင်တော့ အဖိုးတန်တဲ့ ကြာသင်္ကန်းကို ရရှိမှာ ဖြစ်ပါတယ်.. ကြာရိုးကနေရာတဲ့ ချည်က လုပ်ထားတဲ့အတွက် ကြာအထည်ဟာ ရိုးရိုးချည်သားတွေထက် အေးအေးမြမြလေး ရှိပါတယ်.. ၀တ်ဆင်တဲ့သူအတွက် ရာသီဥတု ဒါန်ခံနိုင်ရည် ရှိစေပါတယ်.. အဲ့ဒါကြောင့် အေးမြတဲ့ ဆောင်းကာလမှာ ဘုရားရှင်တွေကို ရည်ဆူးပြီး ကြာသင်္ကန်းတွေ ကပ်လှူပူဇော်ကြတာ ဖြစ်ပါတယ်..

ကြာသင်္ကန်းဟာ အဖိုးထိုက်တန်ပြီး ရှားပါတာကြောင့် ကိုယ်ယုံသင်္ကန်းအရွယ် ရဖို့ ခက်ခဲပါတယ်.. အဲ့ဒါကြောင့်ပဲ သင်္ကန်းစ ခပ်သေးသေး အရွယ်အစားတွေကို ပြုလုပ်လှူကြတာ ဖြစ်ပါတယ်.. လှပ်ရတာ အလွန်ပဲ လက်ဝင်ပြီး ခပ်ခပ်ခဲခဲ စိတ်ရှည်ရှည်နဲ့ လုပ်ထားရတာမို့ လက်ကိုက်ပုဝါအရွယ် ကြာချည်ထည်ဟာ ၃၀၀၀၀၊ ၄၀၀၀၀ တန်ပါတယ်.. အင်းလေးကို ရောက်ရင်တော့ အိမ်ကဘုရားမှာ ကပ်လှူဖို့ အတွက် ကြာသင်္ကန်းစတွေကို အမြတ်တနိုး ၀ယ်ယူကြပါတယ်.. တကယ့်ကို ရှားပါးပြီး အဖိုးတန်တဲ့ ကြာသင်္ကန်းပဲ ဖြစ်ပါတယ်..

အခုလောက်ဆိုရင်တော့ ကြာယက်ကန်းအကြောင်း အနည်းငယ် သိရှိသွားကြမယ်လို့ ထင်ပါတယ်.. အကျဉ်း သဘောလေး ဖြစ်သွားတဲ့အတွက်တော့ နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်..

ရဲမြန်မာ


Read more!