Saturday, August 30, 2008

မောရှမ်းပြည်နှင့် ခွဲခွာခြင်း

ရှမ်းတောင်တန်းကြီးနဲ့ ကျွန်တော် အခုဆို တစိမ်းလို ဖြစ်ခဲ့ရပြီ...
တစ်နှစ် နှစ်နှစ် ဆိုတဲ့ အတိုင်းအတာက တခဏလေးလိုပဲ ကုန်သွားခဲ့ပြီ...
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကိုယ့်ကိုယ်ကို ရှမ်းတစ်ယောက်လို သတ်မှတ်ပြီး ရှင်သန်နေထိုင်ခဲ့ရတဲ့ အချိန်တွေက အခုဆို အိမ်မက်တစ်ခုလို ဖြစ်ခဲ့ရပြီ...

ဧည့်သည်တစ်ယောက်လို တစ်နေ့ ဖြစ်လာမယ်ဆိုတာ အစကတည်းက သိတော့ သိထားခဲ့တယ်.. ဒါပေမဲ့လဲ ဟိုးအဝေးကြီးမှာ ဖြစ်မှာပါလို့ ထင်ထားခဲ့တာ.. အခုဆို ကျွန်တော် တောင်ကြီးမြို့က အိမ်ရှင်တစ်ယောက် မဖြစ်နိုင်တော့ဘူး..

ရှမ်းတောင်တန်းနဲ့ ခွဲရမယ်လို့ သိခဲ့တုန်းက စိတ်ထဲမှာ ပြောပလောက်အောင် ဘာမှ မဖြစ်ခဲ့ဘူး.. ဘာမှ သိပ်ပြီး ပြောင်းလဲ ထူးခြားသွားမှာ မဟုတ်ဘူးလို့ ထင်မှတ်ခဲ့မိပေမဲ့.. တကယ်တမ်း ထွက်သွားရမယ်လို့ သိတဲ့ အချိန်ရောက်တော့ ၀မ်းနည်းမိတယ်..

မနက်တစ်ခု.. အရာအားလုံးက ခါတိုင်းလိုပါပဲ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိပါဘူး.. ဒါပေမဲ့ ကျွန်တော့်အတွက် တစ်ခုခု ဆုံးရှုံးရတော့မှာလိုမျိုး ၀မ်းနည်းနေမိခဲ့တယ်.. အဲ့ဒီနေ့က ကျွန်တော် ရှမ်းရိုးမကြီးကနေ တစိမ်းတစ်ယောက်လို ခွဲခွာခဲ့ရတယ်..

နောက်ဆုံးနှုတ်ဆက်ခြင်း အနေနဲ့ တောင်ကြီးမြို့ တစ်ခုလုံးကို ပါတ်ကြည့်ဖြစ်ခဲ့တယ်.. အရင်က သာမာန်လို မြင်နေကြအရာတွေက မျက်လုံးထဲမှာ တစ်မျိုးဖြစ်ပြီး အစိမ်းတွေလို.. တခါမှ မမြင်ဘူးသလို.. သစ်ဆန်းလို့နေပါတယ်..

ယောင်္ကျားတစ်ယောက် အနေနဲ့ ကျွန်တော် မျက်ရည်မကျချင်ပါဘူး.. ဒါပေမဲ့ မျက်ရည်တွေ ကျွန်တော် ထိန်းမရခဲ့ဘူး.. တွေ့သမျှလူတွေရဲ့ မျက်ဝန်းတွေကို ကျွန်တော် မမြင်မိအောင် ရှောင်လွဲနေမိတယ်.. ကျွန်တော့်ရဲ့ ဟန်ဆောင်ထားရတဲ့ အပြုံးတွေကို မတွေ့စေချင်ဘူး.. ဖြစ်နိုင်ရင် ကျွန်တော့ရဲ့ ၀မ်းနည်းနေမှုတွေကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး.. ခဏခဏ ခွဲခွာခြင်းတွေနဲ့ အကျွမ်းဝင်ခဲ့ပေမဲ့လဲ.. အခုတစ်ခေါက် နှုတ်ဆက်ရခြင်းတွေမှာ ကျွန်တော် ခံနိုင်ရည် မရှိခဲ့ဘူး..

တောင်ချွန်းနဲ့ ရှမ်းတောင်တန်းကြီးကို မြင်ရတော့လဲ အရာအားလုံးဟာ အရင်ကထပ် ပိုလှနေသလိုမျိုး..
မနက်စောစောတိုက်တဲ့ ရှမ်းရိုးမက လေအေးတွေကလဲ ခါတိုင်းထပ် အေးမြနေသလိုမျိုး..
စူဠာမုနိဘုရား၊ ရွှေဘုန်းပွင့်ဘုရား စေတီဘုရားတွေအားလုံးကလဲ ၀ပ်တွားဖူးမျှော်လို့ မတင်းတိမ်နိုင်ဘူး..
ကျွန်တော့်အတွက် ရှမ်းတောင်တန်းမှာ ရှိနေတဲ့ သက်ရှိသက်မဲ့ အရာအားလုံးဟာ လှုပ်ရှား သက်ဝင်နေသလို ခံစားလို့ နေခဲ့ရတယ်..

တကယ်ဆို ကျွန်တော်မရှိလို့ ရှမ်းတောင်တန်းက ဘာမှ ဖြစ်မှာ မဟုတ်သလို၊ ဘယ်သူတစ်ယောက်ကမှလဲ ၀မ်းနည်းနေမှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ရှမ်းတောင်ကြီးမှာ ရှိမနေရမဲ့ ကျွန်တော့ အဖြစ်ကတော့ အရာအားလုံး ဆုံးရှုံးရသလိုပါပဲ...

အဲ့ဒီလိုနဲ့ ကျွန်တော် ရှမ်းရိုးမကြီးက တိတ်ဆိတ်စွာပဲ ထွက်ခွာခဲ့ပါတယ်.. လမ်းတစ်လျှောက် မြင်သမျှ လမ်းတွေ၊ တောတွေ၊ တောင်တွေ၊ ထင်းရှူးပင်တွေ အားလုံးကို ကြည့်လို့ မ၀နိုင်အောင်ပါပဲ.. အရင်က အမှုမဲ့ အမှတ်မဲ့ သတိမထားမိခဲ့တဲ့ အရာတွေက ကျွန်တော့်အတွက် အားလုံးက အဓိပါယ်တွေ ရှိလို့ နေခဲ့ပါတယ်..

မျက်လုံးမှာ မြင်နေသမျှတွေ တောင်တန်းတွေ ကုန်သွားတဲ့ အချိန်မှာတော့ ကျွန်တော် ရှမ်းရိုးမရဲ့ အငွေ့အသက်တွေ ဆီကနေ ဝေးတဲ့ မြေပြန့်တစ်ခုဆီရောက်မှန်း သိလိုက်ရပါတယ်..

နောက်တစ်ချိန် ရှမ်းရှိုးမကို ပြန်ရမယ်ဆိုလဲ အိမ်ရှင်တစ်ယောက်လို ဘယ်နည်းနဲ့မှ ဖြစ်တော့မှာ မဟုတ်တဲ့ အတွက် ကျွန်တော်ရဲ့ ခံစားရတဲ့ ၀မ်းနည်းရခြင်းဟာ ကျွန်တော့အတွက် ဘာနဲ့မှ နိုင်းလို့မရအောင်ပါပဲ..

ကျွန်တော် ရှမ်းရှိးမရဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ပဲ ဖြစ်ခွင့်ရှိပါတော့တယ်..

ဒါပေမဲ့ ရှမ်းရိုးမမှာ အိမ်ရှင်တစ်ယောက်အနေနဲ့ ဖြစ်ခွင့်ရခဲ့တဲ့ အတွက်တော့ ကျွန်တော် တစ်သက်လုံး ကျေနပ်ဂုဏ်ယူမိနေမှာပါ..

ခဏတာ နေခွင့်ရခဲ့တဲ့
မင်းအပေါ်မှာ
ငါ အတိုင်းအတာ တစ်ခုအထိ
တာဝန်ကြေခဲ့မယ်လို့ ထင်ပါတယ်
ရှမ်းရိုးမနဲ့ တောင်ကြီးမြို့ရယ်..

တကယ်လို့
ငါ မင်းအတွက်

နောင် ဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ
အဝေးကနေ မင်းအကြောင်းတွေ
နားစွင့်ပြီး
အမြဲ သတိတရ ရှိနေမှာပါ..

3 comments:

phyo evergreen said...

ဒီနေရာမှာတော့ ခံစားချက်ချင်းတူသွားပြီဗျ။ ကျွန်တော်ဆိုတောင်ကြီးကို ခွဲခွာရတဲ့အခါတိုင်းဝမ်းနည်းတယ်ဗျာ။ ကားပေါ်ကနေနောက် ပြနှ်လှမ်းကြည့်ရတာအမော..။

maeminge said...

ဘ၀ဆိုတာဒီလိုပါပဲ...
တောင်ကြီးကိုပြန်ခွင့်ရတဲ့အချိန်တွေမှာပျော်ခဲ့ရသလို...
တောင်ကြီးကနေထွက်လာခဲ့ရတဲ့အချိန်တွေမှာလွမ်းခဲ့ရ ပေါင်း များပါပြီ...

flower said...

တောင်ကြီးကို မရောက်ဖူးပါဘူး...ဒါပေမယ့် အသွားချင်ဆုံး ရောက်ဖူးချင်ဆုံးနေရာတွေထဲမှာတော့ တောင်ကြီးက တခု အပါအ၀င်ပေါ့... ရောက်အောင်ကို သွားဦးမှာပါ... မဂ္ဂဇင်းတွေထဲမှာ ဂျာနယ်တွေထဲမှာ စာအုပ်တွေထဲမှာ တောင်ကြီးချယ်ရီမြေအကြောင်းပါရင် ညီမငယ် အမြဲ ဖတ်လေ့၇ှိပါတယ်... အဲဒီလောက်ထိတောင် တောင်ကြီးမြို့ကို စိတ်ဝင်စားတာပါ...

မဂ္ဂဇင်းထဲက ၀တ္ထုလေးတပုဒ်မှာ ရေးထားတဲ့ စာသားလေးကတော့................

ငါ နင့်မျက်ဝန်းလေးတွေကို လွမ်းတယ်.........
အေးမြတဲ့ တောင်ကြီးရဲ့ဆောင်းညတွေကို လွမ်းတယ်.....
တောင်တွေ ၀န်းရံထားတဲ့ အင်းရေပြာပြာကို လွမ်းတယ်တဲ့....

နောက်ဘ၀ဆိုတာ ရှိခဲ့ရင် နင်နဲ့ငါ
အခုလိုပဲ ချယ်ရီတွေပွင့်တဲ့မြေမှာပဲ
ပြန်ဆုံဆည်းရပါစေလို့ ငါ ဆုတောင်းလိုက်ပါတယ် ခွန်ရယ်တဲ့....
အဝေးရောက်သွားရတဲ့ ရှမ်းမလေး နန်းတော်ဝင်ရဲ့ ရင်တွင်းဆုတောင်းသံပါ....

ညီမငယ်လည်း ဆုတောင်းနေရတုန်းပါပဲ....

ခင်မင်လျက်

ညီမငယ် ချိုလေး